ဖားကန့်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရသူတွေအတွက် ဝမ်းနည်းကြောင်း RCSS ထုတ်ပြန်

အောက်တိုဘာ ၂၈၊ The Nation Voice

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊အနန့်ပါဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့သူတွေအတွက် ဝမ်းနည်းကြောင်း ရှမ်းလက်နက်ကိုင်တပ်ဖွဲ့( RCSS)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် လူ (၆၀)ကျော်သေဆုံးပြီး (၆၀)ကျော်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး (၅)ရက်အကြာမှာ RCSSက ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချတာမျိုးတော့ မတွေ့ရပါဘူး။

RCSSဟာ စစ်ကောင်စီတပ်နဲ့ ထိတွေ့ဆက်ဆံဆွေးနွေးနေတဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ အောက်တိုဘာ ၂၃ရက် ညပိုင်းက အနန့်ပါဒေသမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တည်ထောင်ခြင်း အထိမ်းအမှတ် အကြို ဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ အရပ်သား ပြည်သူတွေ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ KIO/KIA ဝန်ထမ်းတွေ အသက်ဆုံးရှုံးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ပြင်းထန်စွာ ရှုတ်ချခဲ့သလို စစ်အာဏာရှင် ပြုတ်ကျရေး ညီညွတ်စွာ ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *