အောက်တိုဘာ ၂၈၊ The Nation Voice
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်တွေကို လိုက်နာမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို ဂျာကာတာမြို့မှာ မနေ့ အောက်တိုဘာ (၂၇) ရက်နေ့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို မဖိတ်ကြားခဲ့ပါဘူး။
ဒါပေမယ့် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စား မပြုတဲ့ ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌက ဖိတ်ကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အကြား အဆင့်တူတန်းတူ ကိုယ်စားပြုရေးမူနဲ့ သွေဖီနေတဲ့အတွက် မြန်မာနိုင်ငံက ကိုယ်စားပြု တက်ရောက်ခဲ့ ခြင်းမရှိဘူးလို့ လည်းဆိုပါတယ်။
အစည်းအဝေးမှာ မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေး သဘောတူညီခဲ့ခြင်းဖြစ်တာကြောင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူတွေနဲ့ အညီ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ တူညီ ဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လိုက်ပါဆောင်ရွက်မည် မဟုတ်ဘူးလို့ ဝဏ္ဏမောင်လွင်တို့က ဆင်ခြေပေးပါတယ်။
အာဆီယံရဲ့ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် နဲ့ အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

