အောက်တိုဘာ ၂၈၊ The Nation Voice
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၁၀)ရဲ့ ထူထောင်ခြင်း(၁)နှစ်ပြည့် အခမ်းအနားကို မနေ့က အောက်တိုဘာ(၂၇)ရက်နေ့မှာ အကျဉ်းချုပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF B-10 က ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ KNDF B-10 ရဲ့ တစ်နှစ်တာကာလအတွင်း ပြည်သူလူထုရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ရှေ့ဆက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ အောင်မြင်မှုတွေအထိုက်အလျှောက်ရခဲ့သလို မြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“နွေဦးတော်လှန်ရေးမှ တစ်ဆင့် လူငယ်အများစုဖြင့် ပေါက်ဖွားလာခဲ့သော မိမိတို့ တပ်ရင်းအနေဖြင့် ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများဖြင့် စစ်အာဏာရှင်စနစ် နှင့်အတူ အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြက်ချေမှုန်း နိုင်ရန် ဆက်၍ တိုက်ပွဲဝင်နေမှာ ဖြစ်ပြီး ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများကို လည်း ဆက်၍ တောင်းခံလိုပါသည်”လို့ KNDF B-10က ထုတ်ပြန်ပြောဆိုထားပါတယ်။ တပ်ရင်းစတည်ထောင်ချိန်ကစပြီး အခုအချိန်ထိအဖက်ဖက်ကနေ ကူညီထောက်ပံ့ပေးခဲ့တဲ့ ပြည်သူအားလုံး နဲ့အမြဲလက်တွဲလုပ်ဆောင်ပေးခဲ့တဲ့တော်လှန်ရေးအင်အားစုအသီးသီးကိုလည်း ကျေးဇူးတင်ကြောင်းပြောဆိုထားပါတယ်။ ဒါ့အပြင် KNDF B-10 အနေနဲ့ လိုအပ်ချက်များစွာ ရှိနေသော်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် (KNDF)သစ္စာအဓိဌါန် (၅)ချက်နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။





