အောက်တိုဘာ ၂၉၊ The Nation Voice
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA တပ်ရင်း (၁၈) နဲ့ ဒေါန စစ်ကြောင်း တပ်ခွဲ (၁) ပူးပေါင်းအဖွဲ့က အောက်တိုဘာလ (၂၈) ရက် ည (၉) နာရီခွဲအချိန်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
တိုက်ပွဲကြာမြင့်ချိန် (၁၀) မိနစ်ဝန်းကျင်ခန့်ရှိခဲ့ပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ ရှေ့ထွက်မိုင်း (၄) လုံး၊ မိုင်းကြိုး (၂) ခွေ၊ လက်ပစ်ဗုံး (၂၃) လုံး၊ 7.62 ကျည် (၂၅၄၀) တောင့်၊ ၆၀မမ ဗုံးသီး (၂၃) လုံး၊ G3 (၆) လက် ၊ G3 ကျည်ဘောက် (၁၁) ဘောက်၊ G4 (၁) လက်၊ အူဇီ (၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး ၊ RPG ပို့ယမ်း (၃) တောင့်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ KIO/KIA နယ်မြေ အနန့်ပါဖြစ်စဉ်နှင့်တကွ နိုင်ငံတဝန်း စစ်ကောင်စီရဲ့တရားမဲ့လုပ်ရပ်တွေအပေါ် တုန့်ပြန်တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်အကျအဆုံးတစ်စုံတစ်ရာမရှိဘဲ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက် သေဆုံးမှုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

