ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီနဲ့ BGF (၃၂)ဦး လက်နက်ချ၊ လက်နက် (၄၃)လက်ရကြောင်း နဂါးနီစစ်ကြောင်း ထုတ်ပြန်

အောက်တိုဘာ ၂၉၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်က (၁၅)ဦးနဲ့ နယ်ခြားစောင့်တပ်(BGF)က (၁၇)ဦး လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ တပ်စခန်းကို အောက်တိုဘာ ၂၂ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အောက်တိုဘာ ၂၆ရက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း၁၇၊ တပ်ရင်း ၂၇၊ Federal Win၊SOF၊PDF(နဂါးနီစစ်ကြောင်း) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

မြေပြင်သတင်းတွေ အရ စစ်ကောင်စီတပ်ဘက်က (၄)ဦး ၊ BGF တပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၁၅)ဦး၊ BGF တပ်ဖွဲ့ဝင် (၁၇)ဦး လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူလူထုနဲ့ ရဲဘော်တွေထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ ပူးပေါင်းတပ်က ကျဆုံးမှုမရှိခဲ့ကြောင်း စစ်ကောင်စီတပ်ဆီက MA1 (၄လက်)၊MA2-(၃လက်)၊MA3-(၆လက်)၊MA4-(၁လက်)၊MA5-(၂လက်)၊M16-(၄လက်)၊ AK(၅လက်)၊ Sniper(၁လက်)၊40mm (၁လက်)၊ 60mm (၁လက်)၊RPG-(၂လက်)၊ကာဘိုင် (၁၂လက်) နဲ့ noto စက်လတ်(၁လက်) စုစုပေါင်း လက်နက်မျိုးစုံ (၄၃)လက်နဲ့ ကျည်၊ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *