ဂန့်ဂေါတောင်ပိုင်းတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်း သေ

အောက်တိုဘာ ၂၉၊ The Nation Voice

မကွေးတိုင်း၊ ဂန့်ဂေါမြို့ ခလရ (၅၀)ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး သုံးရက်ဆက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ PDF-Gangaw(တောင်ပိုင်း)တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၂၆) ရက်က ခလရ (၅၀)မှ အင်အား (၆၀)ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဂန့်ဂေါခရိုင် PDF တပ်ရင်း (၇)၊ တပ်ရင်း (၁၁)၊ KKG တပ်ရင်း (၆)စတဲ့ မဟာမိတ်တပ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်သား ခြောက်ဦး သေဆုံး​သွားတယ်လို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာ (၂၇)ရက်ကလည်း အထက်ပါ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို ခေါက်ခူရွာအနောက်မြောက်တောထဲက ထွက်လာချိန် တပ်ရင်း (၇)၊ တပ်ရင်း (၁၁)၊ KKG တပ်ရင်း (၆)၊ ဇိုတုန် CDF မဟာမိတ်တွေပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မနေ့ အောက်တိုဘာ (၂၈)ရက် နေ့လယ် (၂) နာရီ (၄၄) မိနစ်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဂန့်ဂေါခရိုင် PDF တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ခေါက်ခူကျေးရွာအနီးဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေ သတိပြုနေထိုင်ကြဖို့ PDF-Gangaw (တောင်ပိုင်း) တပ်ဖွဲ့က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *