စစ်ကောင်စီ တပ်သား (၅)ဦး အလင်းဝင်လာတယ်လို့ ကြာအင်းဆိပ်ကြီး ပအဖ အသိပေး

အောက်တိုဘာ ၂၉၊ The Nation Voice

စစ်ကောင်စီတပ်သား (၅)ဦး ပြည်သူ့ဘက် အလင်းဝင်ရောက်လာကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခမရ (၃၅၈)၊ခမရ (၄၃၂)နဲ့ခလရ(၂၈၄) တို့က ဖြစ်တယ်လို့ ဖော်ပြထားပြီး ဘယ်နေ့မှာ အလင်းဝင်တယ်ဆိုတာနဲ့ သူတို့မှာ လက်နက်ခဲယမ်းတွေ ပါမပါ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

အဲဒီ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၅)ဦးကို ကြာအင်းဆိပ်ကြီး ပအဖနဲ့ KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ၊ နဂါးနီစစ်ကြောင်းတို့က လက်ခံကြိုဆိုခဲ့ပြီး စားဝတ်နေရေး အတွက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၆ရက်ကလည်း ကြာအင်းဆိပ်ကြီးက စစ်ကောင်စီရဲ့ ကွီလုံတိုင်တပ်စခန်းကို KNLA နဲ့ နဂါးနီပူးပေါင်းစစ်ကြောင်း အပါအဝင် ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)က (၈)ဦးသေဆုံးပြီး (၃၂)ဦး လက်နက်ချခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *