အောက်တိုဘာ ၂၉၊ The Nation Voice
မကွေးတိုင်း၊ ချောက်မြို့နယ် ရေနံချောင်း – ကျောက်ပန်းတောင်းကားလမ်းမှာ ရပ်ထားတဲ့ (၁၂)ဘီးကားကို နောက်ကနေဝင်တိုက်မိပြီး ကားပေါ်ပါသူများအနက် ခုနစ်ဦး သေဆုံးသွားတယ်လို့ မီးသတ်ဌာနက ဒီကနေ့ အောက်တိုဘာ (၂၉)ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက် (၆) နာရီခန့်က ချောက်မြို့နယ်၊ ဩဇာတောကျေးရွာအနီး၊ ရေနံချောင်း-ကျောက်ပန်းတောင်းလမ်း၊ မိုင်တိုင်အမှတ်(၃၇၈/၇)နားမှာ ရပ်ထားတဲ့ FUSO အမျိုးအစား (၁၂)ဘီးယာဉ်ကို လားရာတူယာဉ်ကြောမှလာတဲ့ CANTER အမျိုးအစားယာဉ်က အနောက်ကနေ ဝင်ရောက်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် CANTER ယာဉ်ပေါ်ပါလာသူ (၁၉) ဦးအနက် အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ချောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂွေးချိုနယ် မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ လူမှုကူညီရေးအသင်းတွေပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ပြီး သေဆုံးနဲ့ ဒဏ်ရာရသူတွေကို ချောက်ဆေးရုံသို့ ပို့ဆောင်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။




