အောက်တိုဘာ ၃၀၊ The Nation Voice
မြဝတီမင်းကြီးကျောင်းတိုက်ရဲ့ နာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ ဟာ ထိုင်းနိုင်ငံ မဲဆောက်မှာ အောက်တိုဘာ ၂၇ရက်မှာ ပျံလွန်တော်မူခဲ့ရာ မနက်ဖြန် အောက်တိုဘာ ၃၁ရက်မှာ အန္တိမအဂ္ဂိဈာပန အခမ်းအနား ကျင်းပမယ်လို့ ဆရာတော်ရဲ့ ဈာပနအခမ်းအနား အစီအစဉ်တွေအရ သိရပါတယ်။
သက်တော် (၇၁)နှစ်၊ သိက္ခာတော် (၅၁)ဝါရှိပြီဖြစ်တဲ့ ဆရာတော်ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး (၆)လတာ လူဝတ်လဲကာ ချုပ်နှောင်ခံခဲ့ရပါတယ်။ထောင်က လွတ်လာပြီးတဲ့နောက်မှာ ဆရာတော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ပြီး ပြည်သူ့ဘက် ရပ်တည်ခဲ့တာဖြစ်လို့ စစ်ကောင်စီတပ်ရဲ့ ရန်ကို တိမ်းရှောင်ရင်း နှလုံးသွေးကြောပိတ် ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
မနက်ဖြန် အောက်တိုဘာလ ၃၁ ရက်နေ့မှာ လုပ်မယ့် ဆရာတော်ရဲ့ ဈာပန အစီအစဉ်မှာ ဆရာတော်ရဲ့ ထေရုပတ္တိအား ဖတ်ကြားခြင်း ၊ ဘာသာပေါင်းစုံခေါင်း ဆောင်များမှ မေတ္တာပို့ဆုတောင်းခြင်း၊ ပေးပို့လာသော သ၀ဏ်လွှာ များအား ဖတ်ကြားခြင်းနဲ့ မှတ်တမ်းတင်ခြင်း၊ တပည့်၊ ဒါယကာ ဒါယိကာမများက ဆရာတော်အား နောက်ဆုံး အကြိမ်ပူဇော် တောင်းပန်ခြင်း၊ ကြွရောက်လာသော ပရိတ်သတ်များက ဆရာ တော်အား နောက်ဆုံး အကြိမ်ပူဇော်ဂါရဝပြုခြင်း၊ ရုပ်ကလာပ်တော်အား လောင်တိုက်သို့ပင့်ဆောင်ခြင်း၊ရုပ်ကလာပ်တော်အား မီးပူဇော်ခြင်း စတဲ့ အစီအစဉ်အတိုင်း ကျင်းပသွားမယ်လို့ ဈာပနကော်မတီက အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်း မနေ့က အောက်တိုဘာ ၂၉ရက်မှာ သဝဏ်လွှာပေးပို့ခဲ့ရာ ဆရာတော်အရှင်မြတ်ရဲ့ လမ်းညွှန်ဆုံးမမှုများ၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို လေးစားဦးညွတ်ကြောင်း ဖော်ပြထားပါတယ်။
“ဆရာတော်အရှင်သူမြတ်သည် သက်တော်ထင်ရှားရှိနေစဉ်ကာလအတွင်း ရဟန်းတို့၏ အလုပ်ဖြစ်သော ပဋိယတ္တိ၊ ပဋိပတ္တိအလုပ်များကို သာသနာတော်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အပြင် မြန်မာနိုင်ငံ အတွင်း အာဏာရှင်အဆက်ဆက်ကို ပြတ်သားစွာ ဆန့်ကျင်လျက် ပြည်သူလူထုနှင့်အတူ ဖြောင့်မတ်စွာရပ် တည်တော်မူရင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများကို အကြောင်းနှင့်အကျိုးကောင်းစွာသုံးသပ်ဆင်ခြင်၍ နည်းလမ်း ကျစွာ လမ်းညွှန်ပြသတော်မူခဲ့သည့် ပုဂ္ဂိုလ်တဦးဖြစ်သည့်အတွက် သာသနာတော်အတွက်သာမက အမှန်တရား ကို လေးစားမြတ်နိုးကြသူများအတွက်၊ နိုင်ငံတော်အတွက်၊ နွေဦးတော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပါကြောင်း အလေးအနက် မှတ်တမ်းတင်အပ်ပါသည်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
#




