အောက်တိုဘာ ၃၀၊ The Nation Voice
မကွေးတိုင်း၊ရေစကြိုမြို့နယ်က ရွာလေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ အိမ်ခြေ (၂၃၀)ကျော် ပျက်စီးခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။
အောက်တိုဘာ ၂၉ရက် မနက်ကနေ ညပိုင်းအထိ မြေမလှ၊ စိုင်သေ၊ သံပြာချောင်းနဲ့ ခံစပ်တောရွာတွေကို အင်အား (၉၀)လောက်ရှိတဲ့ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“မနေ့က တစ်ရက်တည်း ရွာလေးရွာ မီးရှို့သွားတာ” လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရင်ကလည်း ရေစကြို အနောက်ပိုင်းနဲ့ ရေလယ်ကျွန်းဒေသက ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကပြောပါတယ်။
“လတ်တလော ကတော့ စစ်ရေးက တင်းမာနေတာပေါ့။လက်ရှိတော့ သူတို့ ဒီမနက် ၁နာရီခွဲလောက်က ခံစပ်တောရွာကို မီးရှို့ပြီး သဲပုံဘက်ကို ထွက်သွားတယ်” လို့ရဲဘော်ဝေကြီးက ပြောပါတယ်။
စစ်ကောင်စီတပ်က မနေ့က မီးရှို့ခဲ့လို့ မြေမလှရွာက အိမ် (၅၃)လုံး၊ စိုင်သေရွာကအိမ် (၄၂)လုံး၊သံပြာချောင်းရွာကအိမ် (၇၅)လုံး၊ ခံစပ်တောရွာက အိမ် (၆၃)လုံး စုစုပေါင်း နေအိမ် (၂၃၃)လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပြီး မီးဘေးသင့် ပြည်သူများအား ဝိုင်းဝန်းကူညီပေးကြဖို့ ရဲဘော်ဝေကြီးက မေတ္တာရပ်ခံထားပါတယ်။





