အောက်တိုဘာ ၃၁၊ The Nation Voice
ဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ကို လုပ်ကြံနိုင်ခဲ့တဲ့ Inya Urban Force – IUF က ပြောက်ကျားရဲဘော်တစ်ချို့အဖမ်းခံထားရတယ်ဆိုတာကို IUF က ဒီနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
IUF ရဲ့ ပျောက်ကြားရဲဘော်တစ်ချို့ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကဖမ်းဆီးခံထားရပြီး အဖွဲ့နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက် ဖမ်းဆီးခံရဲဘော်တွေရဲ့ အသက်အန္တရာယ်စိုးရိမ်နေရပြီး သူတို့ဆီက သတင်းပေါက်ကြားမှုရှိပြီလို့ IUF အနေနဲ့ မှတ်ယူကြောင်း ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။
ဖမ်းဆီးခံရဲဘော်တွေနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို အချိန်မီပြောင်းရွှေ့နိုင်ခဲ့ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်ကာ ကျန်ရှိတဲ့ရဲဘော်တွေအနေနဲ့ ရန်ကုန်အတွက် ဆက်လက်တိုက်ပွဲဝင်ပြီး ပြောက်ကျားစစ်ဆင်ရေးတွေကို ဆက်လက်ဆင်နွှဲမယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့လွတ်မြောက်ပြီး စစ်အာဏာရှင် ကျရှုံးသည်အထိ ဆက်လက်တော်လှန်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ စစ်ကောင်စီဘက်ကလည်း ဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သားမက်ကို လုပ်ကြံခဲ့သူတွေအား ဖမ်းဆီးရမိခဲ့ပြီလို့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ကြေညာထားပြီး IUF အနေနဲ့လည်း ရဲဘော်အချို့ ဖမ်းဆီးခံရတာကို အတည်ပြုလာတာပဲဖြစ်ပါတယ်။
