နိုဝင်ဘာ ၁၊ The Nation Voice
စစ်ကောင်စီလက်အောက်ခံ ပခုက္ကူအကျဥ်းထောင်မှာ အကျဥ်းသားတွေကို အစာရေစာဖြတ်တဲ့အပြင် ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်တာတွေရှိနေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မနေ့ အောက်တိုဘာ (၃၁)ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အကျဥ်းထောင်ဝန်ထမ်းတွေက အကျဥ်းသားတွေကို ထောင်ဝင်စာပိတ်ထားတာကြောင့် စားစရာမရှိသလို ဈေးဝယ်ရန်အတွက် ဈေးဘား ဖွင့်ထားသော်လည်း အကျဥ်းသားများ လက်လှမ်းမမှီနိုင်ရန် ဈေးများ အဆန်မတန် တင်ထားတယ်လို့ ဆိုပါတယ်။
” Super coffee မှုန့်တစ်ထုပ် ၁၁၅၀၀ ၊ ငွေကျပ် တစ်သောင်းကျော် ပေးဝယ်ရပြီး အခြားသော ပစ္စည်းများအားလည်း အဆမတန် ဈေးတင်ရောင်းလျက်ရှိနေကြောင်း သိရှိရပါသည် ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီအကျဥ်းထောင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၅) ရက်နေ့က အကျဥ်းသားအချင်းချင်းရန်ဖြစ်ရာမှ ထောင်ဆူမှုဖြစ်ခဲ့ပြီး ၎င်းကို ထောင်ပိုင်နဲ့ ဝန်ထမ်းများမှ မိုင်းကွဲမှု ဆက်စပ်တယ်ဆိုကာ အကျဥ်းသား (၇) ယောက်အား တိုက်ပိတ်ပြီး (၂) ရက်နဲ့ (၂) ည မအိပ်ရ၊ မစားရ၊ ရေသောက်လျှင် လက်သီးနှင့်ထိုးခြင်း၊ မှီလျှင်ခြေထောက်နဲ့ စောင့်ကန်ခဲ့ခြင်းတို့အပြင် ရှော့တိုက်ခြင်းအထိ ဆိုးရွားစွာ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ထောက်ပြပါတယ်။
ယနေ့အချိန်အထိ (၃) ဦးကို တိုက်ပိတ်ထားဆဲဖြစ်ပြီး (၇)ရက်ကျော်မှ ရေချိုးခိုင်းသလို ကျန်သူများအား အိပ်ဆောင်အတွင်း (၂၄) နာရီပိတ်ထားတယ်လို့ သိရတဲ့အကြောင်း သပိတ်ကော်မတီရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် ထောင်ဝန်ထမ်းများမှ အကျဥ်းသားများအား ဆဲဆို၊ ကြိမ်းမောင်း ၊ ဖိနှိပ် ချုပ်ချယ်ခြင်းများဖြင့် ထောင်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို ခံနေရပြီး တိုက်ပိတ်ခံထားရသူများအား ယနေ့အချိန်အထိ ပုံစံထမင်းဟင်းကိုသာ ကျွေးကာ သံခြေကျင်းအား ထောက်ပါတာဖြင့် ခတ်ထားတယ်လို့ ဖော်ပြပါတယ်။
မကြာခင်အချိန်မှာ ပခုက္ကူအကျဥ်းထောင်မှ အကျဥ်းသားတွေကို ထောင်ပြောင်းဖို့ ပြင်ဆင်နေပြီး အမျိုးသမီးများအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလည်း ပြောင်းရွှေ့ခံရမယ့်သူတွေထဲပါနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
