နိုဝင်ဘာ ၁၊The Nation Voice
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရည်မွန် နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway) မှ တာဝန်ရှိသူတို့ အောက်တိုဘာ (၃၀) ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးမှုအရ လက်ရှိ တော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေမှုတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ အခန်းကဏ္ဍ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာကိစ္စရပ်တွေကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ (COC) ကို လေးစားလိုက်နာလျက် အမိန့်ပေး ကွပ်ကဲမှုကွင်းဆက် (Chain of Command) မှာ ပါဝင်ဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့၊ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာမှာ ပါဝင်ကူညီရန် သဘောတူညီခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
“ ဒီလို ပေါင်းစည်းမှုမျိုးဖြစ်ဖို့ အချိန်အတော်ယူပြီး ကြိုးစားညှိနှိုင်းခဲ့ရတယ်၊ MOD ရဲ့ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ သဘောထားကြီးမှုများအရ အခုလို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ PRA Magway ရဲ့ ရပ်တည်ချက်၊ ဖွဲ့စည်းပုံများကိုလည်း မူလအတိုင်း လုပ်ငန်းစဉ်မပျက်ဆောင်ရွက်နိုင်ပြီး စစ်ဆင်ရေးကိစ္စတွေကို အတူလက်တွဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ် “ လို့ PRA-Magway ရဲ့စစ်ဦးစီးချုပ် ဟာကျူလီ က The Nation Voice ကို ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အောက်တိုဘာနောက်ဆုံးအပတ်ကပဲ BPLA နဲ့ စစ်ရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုသဘောတူညီချက်တွေ ရရှိခဲ့ပါသေးတယ်။
