နိုဝင်ဘာ ၁၊ The Nation Voice
မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကွယ်လွန်ခဲ့တဲ့ KNU တပ်မဟာ(၁) တပ်မဟာ မှူးဗိုလ်မှူးချုပ်စောပလေ့နဲ့ မွန်ပြည်နယ်လွှတ်တော် ဘီးလင်းအမတ် ဦးကျော်မျိုးမင်းတို့ပါဝင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့ ဟာ ယမန်နှစ် ၂၀၂၁ ခုနှစ် ဩဂုတ်လပိုင်းက ကွယ်လွန်ခဲ့သူဖြစ်ပြီး ဘီးလင်းအမတ် ဦးကျော်မျိုးမင်းဟာ ၂၀၂၂ခုနှစ် ဇွန်လ ၂၂ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင်ထောင်ဒဏ် (၂၁) နှစ်ချမှတ်ခြင်းခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိ ဦးအေးမင်းထွန်း၊ လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာခင်ဆောင်၊ KNU တပ်မဟာ (၁) ရင်း(၃)မှူး ဒါးနယ်ထူးအပါအဝင် စုစုပေါင်း (၁၁) ဦး ပါဝင်ပတ်သက်နေတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၁၂) ရက် ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

