ထီးလင်းနယ် ပါးမျဥ်းရွာအနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးသေ

နိုဝင်ဘာ ၂၊ The Nation Voice

ထီစလင်းမြို့နယ် ပါးမျဥ်းရွာအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးဖြစ်တဲ့ တပ်ရင်းမှူးတစ်ဦး သေဆုံးတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ် – YDF(ထီးလင်း)က တိုက်ပွဲနောက်ဆက်တွဲသတင်း ထုတ်ပြန်လိုက်ပါတယ်။

မနေ့ နိုဝင်ဘာ (၁)ရက်၊ မနက် (၉) နာရီ (၄၀) မိနစ်လောက်က ကျားခဲကျေးရွာမှ နေအိမ် (၁၆) လုံးခန့်ကို မီးရှို့ပြီးထွက်လာတဲ့ အင်အား (၁၀၀) ခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ ပါးမျဉ်းကျေးရွာတွင်းကို သုံးဖွဲ့ခွဲ ဝင်ရောက်စဥ် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အသင့်စောင့်ဆိုင်းနေရာယူထားသော ယောကာကွယ်ရေးတပ်-YDF(ထီးလင်း)တပ်ဖွဲ့ဝင်များမှ ကိုးကောင်ပါအလယ်အဖွဲ့အား ပစ်ခတ်ခဲ့ရာ လေးကောင်သေဆုံးပြီး ကျန်ငါးကောင် ဒဏ်ရာရသွားကြောင်း ကိုယ်တိုင်ပစ်ခတ်ခဲ့သူရှေ့တန်းရောက်ရဲဘော်များ ပြောကြားချက်အရ သိရသည် ” လို့ YDF(ထီးလင်း)က ထုတ်ပြန်ပါတယ်။

အဲဒီသေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးအနက် စစ်ကြောင်းမှူးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်ရင်းမှူးတစ်ဦး ပါဝင်ပြီး ရရှိသွားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က ဘေးဘယ်ညာနှစ်ဖွဲ့ခွဲပြီး ဂငယ်ဝိုက် ပိတ်ဖမ်းဖို့ ကြိုးစားလာပေမယ့် ယောကာကွယ်ရေးတပ်-YDF(ထီးလင်း)တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး ဆိုင်ကယ်တစ်စီးသာ ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *