မြိုင်နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ဖို့ပြင်ဆင်နေစဥ် အကြမ်းဖက်စစ်တပ်ကင်းပုန်းကပစ်ခတ်လို့ LPDF ရဲဘော်ငါးဦး ကျဆုံး
နိုဝင်ဘာ ၂၊ The Nation Voice
မကွေးတိုင်း၊ မြိုင်နယ် ကျောက်ခွက်ရေနံမြေစခန်းဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေစဥ် အကြမ်းဖက်စစ်တပ်တပ်ကင်းပုန်းကပစ်ခတ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့တယ်လို့ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာ (၁)ရက် မနက် (၆) နာရီ (၄၅) မိနစ်လောက်က မြိုင်မြို့နယ် ဆိတ်သာရွာ တောင်ရိုးရွာ ဂွေးကုန်းရွာနဲ့ ကျောက်ခွက်ရေနံမြေစခန်း ပတ်ချာလည်ကို ထိုးလာတဲ့ စစ်ကြောင်းကို မြိုင်နယ်နဲ့ ပေါက်နယ်ထိစပ်နယ်မြေ ဆေးပင်ကြီးရွာနားအရောက် ပေါက်ကျေးရွာ LPDF တွေက ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတာလို့ ဆိုပါတယ်။
ပေါက်ရွာ LPDF မှ နောက်ကျနေတဲ့ လက်နက်ကြီးအဖွဲ့ကို စစ်ကြောင်းဖြတ်စဥ် တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်ငါးဦး ကျဆုံးကာ နှစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
” ကျေးရွာတပ်တပ်ဖွဲ့ဝင်များစေလွှတ်လျှင် စနစ်တကျမှာကြားစေချင်ကာ ခေါင်းဆောင်များ ကိုယ်တိုင် အနီးကပ် လိုက်ပါကြပ်မတ်စေချင်ပါသည်။ ယခုကဲ့သို့ထပ်မံဖြစ်စဥ်မျိုး မဖြစ်ပွားစေရန် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချိတ်ဆက်ပီး ကင်းထောက်ထားဆောင်ရွက်ပါမည် ” လို့ မြိုင်(ပကဖ)က ဆိုပါတယ်။
ဒါ့အပြင် အခုဖြစ်ရပ်အပေါ် လက်စားခြေ တိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေ ဘေးလွတ်ရာမှာ ရှောင်စေလိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ပြည်သူတွေကြောင့် မိုင်းဖောက်ခွဲခြင်းမပြုဘဲ ရှောင်ရှားပေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
