နိုဝင်ဘာ ၃၊ The Nation Voice မြန်မာနိုင်ငံမှာ သူဌေးတွေ ငွေထုပ်ပိုက်ပြီး ကင်းစောင့်အိပ်ရမယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြီး နာရီပိုင်းအတွင်း ရန်ကုန်မြို့လယ်ခေါင်မှာ ဓားပြတိုက်မှု ဖြစ်ပွါးခဲ့ပါတယ်။
နိုဝင်ဘာ (၁) ရက်က မင်းအောင်လှိုင် ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးမှာ တရားဥပဒေစိုးမိုးမှုမရှိရင် လုံခြုံမှာ မဟုတ်တဲ့အတွက် ငွေချမ်းသာသူတွေ အထုတ်ပိုက်ပြီး ကင်းစောင့်အိပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီလိုပြောဆိုပြီးတဲ့နောက် လူနေထူထပ်ပြီး လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့လယ် (၂၆) လမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ကို လူသုံးဦးက ဆိုင်ရှင်ကို ဓါးနဲ့ထိုးပြီး ငွေကျပ် သိန်း (၁၅၀) လောက်ကို ယူဆောင်သွားတယ်လို့ အနီးနားနေသူတွေက ပြောပါတယ်။
အဲဒီဖြစ်ရပ်ဟာ နိုဝင်ဘာ (၂) ရက် ည (၇) နာရီလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ပြောဆိုပြီး နာရီပိုင်းအတွင်းမှာပဲ ဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ လူမှု့ကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှာတော့ ဆိုင်ရှင်ကို လူသုံးဦးက ဓါးနဲ့ထိုးနှက်ပြီး ပိုက်ဆံထုတ်ပေးဖို့ပြောဆိုတဲ့အတွက် ဆိုင်ရှင်အမျိုးသားက သူတို့ခိုင်းစေတဲ့အတိုင်း ပိုက်ဆံထုတ်ပေးလိုက်သည့်အခါ ငွေတွေကိုယူဆောင်သွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဓါးပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီးတော့ တခါတရံ အသက်အန္တရာယ်ထိခိုက်စေလောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေရင်ဆိုင်နေရပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အဖွဲ့အစည်းတွေကလည်း တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ဖြေရှင်းပေးတာမျိုး မတွေ့ရပါဘူး။


