မိုးမောက်မှာ KIA နဲ့ စစ်ကောင်စီတပ် လက်နက်ကြီးတွေနဲ့ အပြန်အလှန်တိုက်ခိုက်

နိုဝင်ဘာ ၃၊ The Nation Voice

ကချင်ပြည်နယ်၊မိုးမောက်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ မနေ့ကလက်နက်ကြီးတွေနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

အောက်တိုဘာ ၂၂ရက်ကနေ နေ့စဉ်တိုက်ပွဲဖြစ်နေတဲ့ မိုးမောက်ဒေသမှာ နိုဝင်ဘာ ၂ရက် နံနက် ၁၀နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးမောက် ဆုတောင်းတောင်နေရာအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့ နေရာအချို့ကို KIA က လက်နက်ကြီးတွေနဲ့ ဦးစွာပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ စစ်ကောင်စီရဲ့ မိုးမောက် အခြေစိုက် ခမရ(၄၃၇)တပ်ကလည်း လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးမောက်ဒေသတိုက်ပွဲတွေမှာ အထိနာလျက်ရှိတယ်လို့ ဒေသခံအချို့ကပြောပေမယ့် မနေ့ကဖြစ်တဲ့တိုက်ပွဲအပါအဝင် အဲဒီဒေသ တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေတွေကို မသိရသေးပါဘူး။

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာ၊ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ KIAက အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *