နိုဝင်ဘာ ၄၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အပေါ် ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က မိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က (၃)ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိကြောင်း ကလေး PDF က မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၃ရက် မနက်က အင်အား(၈၀) ကျော်ပါတဲ့ စစ်ကြောင်းကို ကလေးမြို့နယ် မြို့ကြီးကုန်းနဲ့ နည်းပညာတက္ကသိုလ်(ကလေး)ကြားမှာ ကလေး PDF မိုင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုကြောင့် သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနီးဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၃၁ရက်က နည်းပညာ တက္ကသိုလ်(ကလေး) အနီးမှာ အပြစ်မဲ့ပြည်သူ (၃)ဦးကို ဖမ်းဆီးသွားကြောင်းလည်း ကလေး PDFက အသိပေးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ထောက်ကြန့်ကျေးရွာရှိ အသက် (၇၀)ကျော်အမျိုးသမီးတစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့သလို အဆောက်အအုံအချို့ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
