ခင်ဦးနယ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာ အနည်းဆုံး(၅)ဦးသေ

နိုဝင်ဘာ ၄၊ The Nation Voice

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာတပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို မနေ့က နိုဝင်ဘာ(၃)ရက်မှာ လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ဒီကနေ့မှာသတင်းထုတ်ပြန်လာပါတယ်။

မနေ့က ည(၈)နာရီကျော်လောက်မှာ ခင်ဦးမြို့နယ်၊ရွာသစ်ကုန်းကျေးရွာနဲ့ အင်းပတ်ကွေ့ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကတုတ်ကျင်းနဲ့ဘန်ကာတွေကို ပူးပေါင်းအဖွဲ့တွေက နှစ်ဆင့်ကွဲ လက်လုပ်လက်နက်ကြီးနဲ့ (၇)ချက်ခန့်ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ပူးပေါင်းအဖွဲ့တွေဘက်က အကြမ်းဖက်စစ်တပ် တပ်စွဲရာနေရာတွေကို ထိထိမိမိပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်ကလည်း (၄၀)မမ၊(၆၀)မမတွေနဲ့ ပြန်လည်ပစ်ခတ်ကာ မိနစ်(၄၀)ကြာအောင် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သားနဲ့ ပျူအချို့ဟာ ပူးပေါင်းအဖွဲ့တွေရဲ့ပစ်ခတ်မှုတွေကြောင့် အထိနာပြီးထွက်ပြေးခဲ့ကြရာမှာ ပူးပေါင်းအဖွဲ့တွေရဲ့ မိုင်းကွင်းအတွင်းရောက်ရှိခဲ့ပြီး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်တပ်ဘက်က စစ်သား(၂)ဦးနဲ့ ပျူ(၃)ဦးသေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေဟာ ပိုများလာနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ခင်ဦးမြို့နယ်(ပကဖ)နဲ့ KSO တပ်ဖွဲ့က ဦးဆောင်ပြီး KSO တပ်ခွဲ-၁၊ ဒေါင်းစစ်သည် LDF-KUIKhin U,Dog Killers-KDK,Future Heros-KU ၊ ဗိုလ် လင်းယုန်-Local ပြောက်ကျားတပ်ဖွဲ့-KU ၊ စွန်ရဲနီ LDF-KU ၊ သူရိန်လျှပ်စီးမိုးကြိုး-LDF-KU တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *