ပုလဲမြို့မရဲစခန်းကို ပူးပေါင်းအဖွဲ့တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာ (၅)ဦးသေဆုံး

အောက်တိုဘာ ၄၊ The Nation Voice

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မြို့မရဲစခန်းကို မနေ့ကအောက်တိုဘာ(၃)ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဓါးမဆိုင်းတပ်မတော် (D.M.S.A)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

မနေ့က ည(၁၀)နာရီကျော်လောက်မှာ ပုလဲမြို့မရဲစခန်းကို ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး‌၊လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး (၁)နာရီကျော်ကြာအောင် နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ (D.M.S.A)ကတာဝန်ရှိသူတစ်ဦးက TNV ကိုပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်တပ်ဘက်က(၅)ဦးအထိသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်မာတဲ့သတင်းအရ သိရှိရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ယင်းမာပင်ခရိုင်၊ တပ်ရင်း-၂၈ ဓါးမဆိုင်းတပ်မတော် (D.M.S.A)နဲ့အတူ အခြားမဟာမိတ်ပူးပေါင်းတပ်တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

D.M.S.Aအဖွဲ့ဟာ အောက်တိုဘာ(၂၈)ရက်နေ့တုန်းကလည်း ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က(၃)ဦး သေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *