ကုန်ဈေးနှုန်း နှစ်ဆလောက်တက်နေတဲ့ကြားက နိုင်ငံစီးပွား တိုးတက်လာပြီလို့ မင်းအောင်လှိုင်ပြော၊ ပြီးခဲ့တဲ့ရက်ကပဲ စီးပွားရေးမကောင်းလို့ လစာမတိုးပေးနိုင်ဘူးလို့ ပြောဆိုခဲ့

နိုဝင်ဘာ ၅၊ The Nation Voice

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နေပြီး ထပ်ပြီးကြိုးစားရင် ထပ်မံတိုးတက်လာဦးမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါတယ်။

နိုဝင်ဘာ (၄) ရက်နေ့က တနင်္သာရီတိုင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

မင်းအောင်လှိုင်ကတော့ နိုင်ငံစီးပွားရေးတိုးတက်နေပြီလို့ပြောနေပေမယ့် လက်ရှိမှာ အခြေခံစားသောက်ကုန်ဈေနှုန်းတွေ ယခင်ကထက် နှစ်ဆ မြင့်တက်နေပြီး ယခင်က လက်ဖက်ရည်တစ်ခွက်ကို အများဆုံး ကျပ် (၅၀၀) လောက်ပဲပေးခဲ့ရမယ့် ယခုအခါ ကျပ် (၁၀၀၀) လောက်အထိပေးပြီး ဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

ဒီလိုအခြေအနေတွေကို မျက်ကွယ်ပြုပြီး မင်းအောင်လှိုင်က နိုင်ငံတာဝန်ကို စတင်ဆောင်ရွက်ချိန်မှာ အခက်အခဲတွေရှိခဲ့ပေမယ့် ကျော်လွှားနိုင်ခဲ့ကာ ပြည်တွင်းစီးပွားရေးကို မြှင့်တင်နိုင်ခဲ့တယ်လို့လည်း ပြောဆိုနေပါသေးတယ်။

ဒါ့အပြင် စီးပွားရေးတိုးတက်နေတယ်ဆိုပြီး အစိုးရဆီက ချေးငွေတွေကို ပြန်ဆပ်ကြဖို့နဲ့ စက်သုံးဆီလျှော့ချသုံးစွဲကာ လျှပ်စစ်စွမ်းအားသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

မင်းအောင်လှိုင်အနေနဲ့ စကားကို တွေ့ဆုံပွဲတစ်ခုမှာ တစ်မျိုးပြောနေပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံပွဲတခုမှာ နိုင်ငံစီးပွားရေးမကောင်းချိန် ဝန်ထမ်းတွေကို လစာတိုးပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု့နဲ့ပတ်သက်ပြီး အမည်ပျက်စာရင်း သွင်းခံခဲ့ရကာ ပြည်ပရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေလည်း ဝင်ရောက်လာခြင်းမရှိတော့သလို ရှိပြီးသား ပြည်ပရင်းနှီးမြုပ်နှံမှုတွေလည်း တဖြည်းဖြည်း ထွက်ခွာသွားနေကြပါပြီ။ #thenationvoicemyanmar #

Leave a Reply

Your email address will not be published. Required fields are marked *