ပဲခူးရိုးမဆီကို အခြေချဖို့ ကြိုးပမ်းခဲ့တဲ့ KNLA တပ်မှူး ကွယ်လွန်သွားတဲ့အပေါ် KNU လေးစားဦးညွတ်ကြောင်း ထုတ်ပြန်

နိုဝင်ဘာ ၅၊ The Nation Voice

ပဲခူးရိုးမကို ပြန်လည်အခြေချဖို့ ကြိုးပမ်းခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့မှာ ဒုတိယ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှရဲ့ ပေးဆပ်မှုတွေအပေါ် ဦးညွှတ်အလေးပြုကြောင်း KNU က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

KNLA ဗိုလ်ကြီးဟောင်း စောသန်းလှဟာ အခု နိုဝင်ဘာ ၃ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး ကရင့်တော်လှန်ရေးအပေါ်တွင်တော်လှန်သစ္စာရှိရှိ အသက်ကုန်ဆုံးတဲ့အထိပေးဆပ်ခဲ့တဲ့ ရိုးမပြန် အာဇာနည်ခေါင်းဆောင်ကို လေးစားစွာနဲ့ ဦးညွတ်အလေးပြုကြောင်းလည်း ဖော်ပြပါတယ်။

ဗိုလ်ကြီးစောသန်းလှဟာ ၁၉၈၃ ခုနှစ်က ပဲခူးရိုးမမှာ ပြန်လည်အခြေချဖို့ အတွက် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစောမင်းသိမ်းနဲ့အတူ ဒုတိယခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ရန်သူ မဆလ စစ်တပ်က လိုက်လံရှာဖွေတိုက်ခိုက်ခဲ့လို့ အခြား KNU တပ်ဖွဲ့ဝင်အချို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ တိုက်ပွဲကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဗိုလ်ကြီးစောသန်းလှဟာ အဖမ်းခံခဲ့ရပြီးနောက် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်မှာ တော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်မြောက်လာခဲ့ကာဗိုလ်ကြီးစောသန်းလှဟာ ကရင်တော်လှန်ရေး နယ်မြေသို့ မနှေးအမြန် ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအသိရှိပြီး ကရင့်တော်လှန်ရေးအပေါ် ခံယူချက်ခိုင်မာတဲ့ ဗိုလ်ကြီးစောသန်းလှဟာ ကရင်အမျိုးသားတော်လှန်ရေးအပေါ်တွင် သစ္စာရှိမှု၊ တော်လှန်တိုက်ပွဲဝင်တဲ့စိတ်ဓါတ် တို့ကြောင့် KNU က တော်လှန်ရေးမှာ စတင်ဝင်ရောက်ချိန်ကစပြီး အချိန်ပြည့်ပေးဆပ် တိုက်ပွဲဝင်သူ တာဝန်ထမ်းဆောင်သူ အဖြစ် တော်လှန်ရေးနှစ်(၄၀)ပြည့်ဂုဏ်ပြုထူးချွန်ဆု ချီးမြှင့်ခံခဲ့ရ ပါတယ်။

ကရင့်တော်လှန်ရေးထဲကိုစတင်ဝင်ရောက်ချိန်ကစပြီး အသက်ကုန်ဆုံးသည်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ကိုပဓာနမထား ပေးအပ်လာတဲ့ တာဝန်ကို ငြင်းဆန်ခြင်းအလျဉ်းမရှိ ကြိုးစားတာဝန်ယူ ဆောင်ရွက်ပေးခဲ့တဲ့ ဗိုလ်ကြီးစောသန်းလှဟာ လူငယ်များအတွက် စံနမူယူစရာ အတုယူစရာ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း KNU က ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *