နိုဝင်ဘာ ၅၊ The Nation Voice \
ရန်ကုန်က မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့နဲ့ မဟာမိတ်တွေပြန်လာပြီလို့ ကြေညာပြီးတဲ့နောက်မှာ ပွဲဦးထွက်အနေနဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းမှာရှိတဲ့ စစ်တပ်ထောက်တိုင် AGD ဘဏ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက Dark Shadow အဖွဲ့ဝင်တွေ အဖမ်းခံရပြီဆိုတဲ့ သတင်းတွေနဲ့အတူ ပျောက်ဆုံးသွားခဲ့ မြို့ပြပျောက်ကြားတွေဟာ မနေ့က မွန်းလွဲ (၂) နာရီခန့်မှာတော့ ဦးချစ်မောင်လမ်းရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမီတက်(AGD Bank)-ဦးချစ်မောင်ဘဏ်ခွဲကို မဟာမိတ်ညီနောင်တွေဖြစ်တဲ့ Brave Eagles (UG)၊ Dark Shadow (UG)နဲ့ K.M.D18 တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီဘဏ်ကို အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး၊ ဘဏ်အဆောက်အဦးမျက်နှာစာအပိုင်း၊ ဘဏ်ကား၊ မီးစက်တွေ ပျက်စီးထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရှိရပါတယ်။ Mission ပြီးမြောက်ပြီးနောက် တော်လှန်ရေးအဖွဲသားတွေအားလုံးလည်း ဘေးကင်းရာအရပ်သို ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ AGD Bank ဟာ ခရိုနီတေဇပိုင် Htoo Group ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အဓိက စီးပွားရေးထောက်တိုင်တစ်ခုအဖြစ် အခိုင်အမာရပ်တည်နေခြင်းကို သက်သေစုံစွာဖြင့် မဟာမိတ်ညီနောင်တွေက စစ်ဆေးတွေ့ရှိရတဲ့အတွက် စီးပွားရေးပစ်မှတ်အဖြစ် ဒဏ်ခတ်အရေးယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး သတိအမျိုးမျိုးပေးထားသည့်ကြားက အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထောက်ခံအားပေး ဝန်းရံနေတဲ့ Htoo Group အပြင် အခြားသော စီးပွားရေးလုပ်ငန်းတွေကိုလည်း မဟာမိတ်ညီနောင်တွေက တုန့်ဆိုင်းမှုမရှိ ဒဏ်ခတ်အရေးယူ တိုက်ခိုက်ခြင်းကို အရှိန်မြင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတိပေးပါတယ်။ Dark Shadow အဖွဲ့ဟာ စစ်ကောင်စီတပ်တွေကို ရန်ကုန်မြို့ထဲမှာ ပြောက်ကျားတိုက်ခိုက်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီးတော့ အနီးစပ်ဆုံးတိုက်ခိုက်မှုဖြစ်တဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်အနီးမှာရှိတဲ့ စစ်ကောင်စီဘန်ကာတွေကို ဗုံးခွဲခဲ့တာ၊ မဟာစည်သာသနာ့ရိပ်သာလမ်းမှာရှိတဲ့ ရေတပ်မိသားစုအိမ်ရာကို ဗုံးခွဲခဲ့တာ၊ စစ်ကောင်စီကို အခွန်ဆောင်နေတဲ့ ကလပ်တွေ ဘားတွေကို သတိပေးတိုက်ခိုက်တာ၊ ကမာရွတ်ရဲစခန်းကို တိုက်ခိုက်တာတွေ ပြုလုပ်နိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

