စစ်ရှောင်တွေကို ထီးလင်း PDF ဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

နိုဝင်ဘာ ၇၊ The Nation Voice

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ထီးလင်းမြို့နယ်အတွင်းက စစ်ဘေးရှောင် ပြည်သူတွေကို ဒုတိယ အကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ဒီကနေ့ နိုဝင်ဘာ ၇ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အင်အား (၁၀၀)ကျော်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့က ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေတာ တစ်လကျော်ပြီဖြစ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားမှုကြောင့် စစ်ရှောင်တွေတိုးလာတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်နေရတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ လေဖြတ်ထားတဲ့လူနာတွေ၊ ကလေးသူငယ်တွေ၊မွေးကင်းစကလေးတွေမှာ ရာသီအကူးအပြောင်းကြောင့် ဖျားနာသူများပြားနေတယ်လို့ဆိုပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ အဲဒီလို အခြေအနေကို သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ အကြောင်းကြားလာလို့ ထီးလင်း PDF ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ ပြုလုပ်ပေးခဲ့တာလို့ ထုတ်ပြန်ခဲ့ပြီး စစ်ဘေးရှောင် လူနာ (၅၀၄)ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

ထီးလင်း PDF ဆေးအဖွဲ့အနေနဲ့ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ထီးလင်းနယ်က ကျေးရွာတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါတယ်။ ဒီလို လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ဆေးဝါးနဲ့ ငွေကြေး ကူညီပံ့ပိုးနိုင်ကြောင်း ထီးလင်း PDFက အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *