KNU နယ်မြေမှာ အောက်တိုဘာလက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင်(၃၇၀)ခန့်သေဆုံးခဲ့ကြောင်း ထုတ်ပြန်

နိုဝင်ဘာ ၇၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေမှာ အောက်တိုဘာလ အတွင်းတိုက်ပွဲပေါင်း (၂၈၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေက (၃၆၉) ဦး သေဆုံးကာ (၃၀၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၄)ဦး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ခဲ့သလို (၃၂)ဦးစစ်မြေပြင်မှာ လက်နက်ချ အဖမ်းခံခဲ့ကြောင်းနဲ့စစ်ကောင်စီတပ်သား (၁)ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီအသုံးပြုတဲ့ ယာဉ် (၁၈)စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ဘက်ကလည်း (၆)ဦး ကျဆုံးကာ (၄၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ KNU နယ်မြေမှာ ၂၀၂၁နဲ့ အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အခု ၂၀၂၂ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၈၄၅)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နဲ့ BGF တပ်က (၃၆၆၄)ဦး သေဆုံးကာ ဒဏ်ရာရရှိသူ(၂၇၀၀)ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက တိုက်ပွဲပေါင်း (၃၁၅၂) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင် (၂၁၉၀)ဦး သေဆုံးကာ(၂၀၄၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၆)ကြိမ် ပြုလုပ်ခဲ့တာအပါအဝင် အာဏာသိမ်းပြီးနောက် တိုက်လေယာဉ်တွေ၊တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအသုံးပြုပြီးလေကြောင်း တိုက်ခိုက်တာ (၁၀၇)ကြိမ် ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

KNU ကော်သူးလေအုပ်ချုပ်နယ် မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က တပ်ရင်းပေါင်း (၅၀) ကျော်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၄) ရင်းတို့ပူးပေါင်းပြီး နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတာလို့ဆိုပါတယ်။

ဒါ့ကြောင့်နယ်မြေလုံခြုံရေးနဲ့ ပြည်သူလူထုအသက်အိုးအိမ်ကာကွယ်ရေးအတွက် KNLA,KNDO နဲ့ KNLA ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည့သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ နေ့တိုင်း ဆင်နွှဲလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲတွေကြောင့် ပြည်သူ (၃)သိန်းကျော် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး တစ်သိန်းကျော် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *