ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်လွတ်မြောက်ရေး ဦးစားပေးလုပ်ဆောင်ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို NLD တောင်းဆို

 နိုဝင်ဘာ ၈၊ The Nation Voice

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဦးစားပေးဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်အဖြစ်သတ်မှတ် အကောင်အထည်ဖေါ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ဒီကနေ့ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်နေ့မှာ NLD က အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။  အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်တွေအားလုံးဟာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျတဲ့ ပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မှာဖြစ်ကြောင်း ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ကိုယ်စားပြုမှုရှိတဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီကကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖေါ်ထုတ်အရေးယူနိုင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကပါ အခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံတိုက်တွန်း ထားပါတယ်။ NLD ပါတီဟာ ၂၀၂၀ရွေးကောက်ပွဲက မဲဆန္ဒနယ်  (၁၁၁၇)နယ်ထဲက  မဲဆန္ဒနယ် ၉၂၀ မှာအနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်ပါတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘဲ မဲစာရင်းမှားယွင်းတယ်လို့ လိမ်လည် အကြောင်းပြကာ  အာဏာသိမ်းခဲ့ပြီး NLD ပါတီခေါင်းဆောင်တွေနဲ့ ပြည်သူလူထုကို မတရားဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူလူထုတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နှင့်လူသားများကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်း စတာတွေကို  စစ်ကောင်စီက ကျူးလွန်ခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပရန် ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေရာ NLD အနေနဲ့ လုံး၀ လက်ခံ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။ NLD အနေနဲ့လည်း တိုင်းရင်းသား ပြည်သူလူထုကအပ်နှင်းလိုက်တဲ့ဆင့်လွှဲ တာဝန်ကို ကျေပွန်တဲ့ အထိ ထမ်းဆောင်မှာဖြစ်ကြောင်း နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တို့အတွက် ပြည်သူလူထုနဲ့ အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုတွေ ၊မိတ်ဖက်အဖွဲ့အစည်းတွေနဲ့တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထပ်လောင်း အသိပေးထုတ်ပြန်ထားပါတယ်။ #thenationvoicemyanmar #NLD #ဒေါ်အောင်ဆန်းစုကြည်

Leave a Reply

Your email address will not be published. Required fields are marked *