မီးရှို့ခံရတဲ့ မြင်းခြံနယ်က ပျားကျေးရွာမှာ စစ်ကောင်စီသတ်ဖြတ်လိုက်တဲ့ ရွာသားရဲ့အလောင်းကို မြင်တွေ့ပြီး မိခင်ဖြစ်သူပါအသက်ဆုံးရှုံး

နိုဝင်ဘာ ၉၊ The Nation Voice

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ပျားကျေးရွာကို စစ်ကောင်စီတပ်က မနေညက မီးရှို့ခဲ့ပြီး ဒီကနေ့မနက်မှာ ရွာသား တစ်ဦးကို သတ်ဖြတ်လိုက်တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးဖော်ပြထားပါတယ်။

နိုဝင်ဘာ ၈ရက်ညနေပိုင်းက အဲဒီပျားကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ခဲ့တာလို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်မှာ ထိခိုက်သေဆုံးသူရှိလို့ ရွာကိုပစ်မှတ်ထား ရှို့တာဖြစ်နိုင်ကြောင်း ဒေသခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်ကြောင့် ဖမ်းဆီးခံရသူ ရွာသူရွာသားအချို့ရှိနိုင်ပေမယ့် အသေးစိတ် အခြေအနေမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပျားရွာအရှေ့ပိုင်းက နေအိမ်တွေကိုစပြီး မီးရှို့ခဲ့တာလို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်ပါတယ်။

“မနက်‌စော နွားလှည်းပြန်ကောက်တဲ့ ကိုဇော်မျိုးနိုင်ကို စခများမှ ပစ်သတ်ခဲ့။သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်ပြီးမိခင်ဖြစ်သူပါ သေဆုံးခဲ့” ဆိုပြီး ကော်မတီ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လတ်တလောမှာ ရွာအတွင်း ဝင်လို့မရသေးလို့ မီးရှို့ခံရတဲ့ အိမ်အရေအတွက် အတိအကျမရသေး ဘူးလို့ဆိုပါတယ်။

“ခန့်မှန့်မီးလောင်အိမ်(၅၀)ဝန်းကျင်ခန့်ရှိပြီး တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။ကိုဇော်မျိုးနိုင်မှာ သားသမီးကလေး(၄)ဦးကျန်ရစ်ခဲ့တယ်လို့သိရ” လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *