နိုဝင်ဘာ ၁၀၊ The Nation Voice
ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ဟာ နိုဝင်ဘာ ၈ရက်နေ့က ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၁၀)ဦးခန့်သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာပဲ ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ မင်းပြားမြို့နယ်၊မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ်၊ပလက်မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရဲ့ နေရာ (၂)ခုမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာရဲ့ အနောက်မြောက်ဖက်မှာ စစ်ကောင်စီရဲ့ စစ်သုံးဇက်သင်္ဘော(၁)စီးနဲ့အဲ့ဒီဇက်သင်္ဘောနဲ့အတူ လေကြောင်းကနေလုံခြုံရေးပါလာတဲ့ ရဟတ်ယာဉ် (၁) စီးကို နေရာ (၂)ခုမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုကြောင့် ဇက်သင်္ဘောကို ကြီးကြီးမားမား ထိရောက်မှု မရှိခဲ့ပေမယ့်လည်း ဇက်သင်္ဘော ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အမ်းမြို့နယ်၊ ကဇူးကိုင်းရွာ အနောက်တောင်ဖက်မှာလည်း စစ်ကောင်စီတပ် က AA တပ်ဖွဲ့တွေရှိရာကိုဝင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညနေပိုင်းမှာလည်း အမ်းမြို့နယ်၊ ဟင်းရွက်ရွာရဲ့အရှေ့တောင်ဖက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။ မောင်တောမြို့နယ်၊ ဝက်ကျိန်း(မြို)ရွာရဲ့ အရှေ့မြောက်ဖက်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်က AA ရှိရာကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ခဲ့သလို ပလက်ဝမြို့နယ်၊ ပကာဝရွာအနီးမှာလည်း နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်း ရန်သူ့ဘက်က သေဆုံးသူ (၁၀) ဦးခန့်နဲ့ ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအချို့၊ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ဒေသတွင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ၊ ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေထိခိုက်ပျက်စီးတာဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

