ထီးလင်းနယ် လက်ပန်းကျေးရွာကို ဝင်မွှေသောင်းကျန်းပြီး အမျိုးသမီးလေးဦးကို စစ်တပ်က ဓားစာခံဖမ်းဆီးသွား

နိုဝင်ဘာ ၁၁၊ The Nation Voice

မကွေးတိုင်း၊ ထီးလင်းမြို့နယ် လက်ပန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များက သေနတ်ပစ်ဖောက် ဝင်ရောက်သောင်းကျန်းကာ အမျိုးသမီးလေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ နိုဝင်ဘာ (၁၀)ရက် နေ့လယ် (၁) နာရီဝန်းကျင်က စစ်ကောင်စီ တပ်မ(၅၅)၊ (၁၁)၊ (၁၀၁) စတဲ့ တပ်အင်အား(၈၀)ခန့်ဟာ လက်ပန်းကျေးရွာအတွင်း ဝင်မွှေသောင်းကျန်းခဲ့တာဖြစ်ပြီး အမျိုးသမီးလေးဦးကိုလည်း ဖမ်းဆီးသွားတဲ့အပြင် ပြည်သူပိုင်နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလက်ပန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးလည်း ပျောက်ဆုံးနေပြီး အတည်ပြုနိုင်ဖို့ စုံစမ်းဆဲဖြစ်တယ်လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောပါတယ်။

မနေ့ကညနေ (၅) နာရီလောက်မှာတော့ စစ်ကောင်စီတပ် အင်အား (၈၀)ခန့်ဟာ လက်ပန်းကျေးရွာကနေ ပဆုပ်ကျေးရွာဘက် ဆက်သွားနေပြီး ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ခေါ်ဆောင်ပြီး ပဆုပ်ရွာမှာညအိပ်နိုင်ခြေရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ဒါကြောင့် ပဆုပ်ကျေးရွာမှ ဒေသခံများအပါအဝင် ပြည်သူတွေအနေနဲ့ စစ်ကြောင်းဝင်ရောက်ချိန်မှာ မိမိတို့ရဲ့လုံ ခြုံရေးကို အထူးဂရုစိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *