နိုဝင်ဘာ ၁၁၊ The Nation Voice
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ဆင်အင်းကြီးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ပြည်သူ (၉)ဦးသေဆုံးကြောင်းသိရှိရပြီး သေဆုံးသူအရေအတွက် ပိုများနိုင်ကြောင်း ရခိုင်ဒေသခံက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၁၀ရက်မနက်မှာ ဆင်အင်းကြီးရွာအနီးမှာ စစ်ကောင်စီတပ် ယာဉ် (၂)စီး ကို ရက္ခိုင့်တပ်တော်(AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်တာတွေကြောင့် အခုလို အရပ်သားပြည်သူတွေ သေဆုံးတာအပြင် ဒဏ်ရာရတာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆင်အင်းကြီးရွာက နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
“သူတို့က တစ်နိုင်ငံလုံးမှာ အဲဒီလို လုပ်နေတာပဲ။ သူတို့က ဖြစ်တယ်ဆိုရင် အနီးအနားမှာရှိတဲ့ ဒေသခံ ပြည်သူတွေ လူနေရွာတွေ ရပ်ကွက်တွေမြို့တွေကို အဲဒီလိုလုပ်တာ။ သူတို့လုပ်တက်တာ လူသတ်မီးရှို့ အဲဒါပဲလုပ်တက်တာ။ တခြားဘာမှ သူတို့ မလုပ်တက်ဘူး” လို့ ရခိုင်ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်းပြားမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားပြည်သူတွေသေဆုံးတာ၊ ပြည်သူလူထုနေအိမ်တွေ ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဇက်ရေယာဉ်ကို AA က ကြားဖြတ်တိုက်ခိုက်တဲ့အပေါ် စစ်ကောင်စီတပ်က အနီးအနားကရွာတွေကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒီလိုပစ်ခတ်ခဲ့လို့ နိုဝင်ဘာ ၄ရက်က ကျောက်တော်မြို့နယ်ရှိ ကျေးရွာ (၅)ရွာထက်မနည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦးထက်မနည်းသေဆုံးကာ (၂၀)ခန့် ဒဏ်ရာရခဲ့ပါတယ်။
AA နဲ့ စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်း၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ ပလက်၀ စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ့ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
