မင်းတပ်နယ် ပလုံတွီရွာကစစ်ရှောင် (၆)ဦးနဲ့ ဒေသခံ (၃)ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်သွားတယ်လို့ CDF ပြော

နိုဝင်ဘာ ၁၁၊ The Nation Voice

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊ပလုံတွီရွာကို စစ်ကောင်စီတပ်ဝင်ရောက်ပြီး စစ်ရှောင်တွေကို ဓားစားခံအဖြစ် ဖမ်းသွားသလို စစ်ရှောင်တွေအပါအဝင် ပြည်သူလူထု (၉)ဦးထက်မနည်းကို သတ်ဖြတ်သွားတယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။

နိုဝင်ဘာ ၇ရက်မှာ မင်းတပ်နဲ့ ထီးလင်းနယ်စပ်ကို စစ်ကောင်စီတပ် ဝင်ရောက်လာပြီး ပလုံတွီရွာကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကို မင်းတပ် CDF က အနီးကပ်တိုက်ခိုက်မှု (၂)ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့ကြောင်း၊ဒါပေမဲ့ စစ်ကောင်စီတပ်က ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်လို့ စစ်ဆင်ရေးမလုပ်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း မင်းတပ် CDF က ဆိုပါတယ်။

နိုဝင်ဘာ ၈ရက်မှာ ဓားစာခံ ဖမ်းထားတဲ့အထဲက အမျိုးသား (၇)ဦးကို ဖမ်းခေါ်သွားပြီး အဲဒီထဲက (၆)ဦးကို သတ်ဖြတ်လိုက်တယ်လို့ ယူဆရကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ် ဝင်စီးနင်းစဉ်က ရွာသား (၁)ဦး သေဆုံးခဲ့သလို အခြား ရွာသား (၂)ဦးလည်းပျောက်ဆုံးနေကြောင်းနဲ့စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့သူတွေကို မီးရှို့ခဲ့တဲ့ အခြေအနေတွေကို တွေ့ရကြောင်း ဆလိုင်းဟာအွမ်က ပြောပါတယ်။

“တစ်ခုရှိတာက ပုံပြီး မီးရှို့ခဲ့တယ် အရိုးတွေကို ဘယ်လောက်ကို ရက်ရက်စက်စက် သတ်တယ်ဆိုတာကို သက်သေမရစေချင်လို့ ရက်ရက်စက်စက် နှိပ်စက်သတ်ပြီးခါမှ မီးရှို့ပြီးသား အရိုးတွေကိုပါ သူတို့က ထုချေပစ်တာပေါ့။ ဘယ်နှစ်ယောက်ဆိုတာ မသိအောင် လုပ်တဲ့သဘောပေါ့။ မိသားစုဝင်တွေက နာရေးတောင် လုပ်လို့မရအောင် ဒီလိုလုပ်တယ်” လို့ဆလိုင်းဟာအွမ်က ပြောပါတယ်။

ပလုံတွီရွာဟာ ချင်းနဲ့ ယောနယ်စပ်က ကျေးရွာလေးတစ်ရွာဖြစ်ပြီး ယောနယ်ဘက်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေကို CDF အနေနဲ့ မကာကွယ်ပေးနိုင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ရွာကို CDF တွေဝိုင်းထားခဲ့ပေမယ့် ရွာထဲမှာ ပြည်သူတွေကို ဓားစားခံအဖြစ် ဖမ်းထားတာကြောင့် ပြည်သူတွေကို ငဲ့ညှာခဲ့ရတာဖြစ်တယ်လို့လည်း ဆလိုင်းဟာအွမ်က ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ နိုဝင်ဘာ ၁၀ရက်မှာ ထီးလင်းမြို့ထဲကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *