ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းသိမ်းတိုက်ပွဲမှာ ရဲ သုံးဦးသေပြီး လေးဦးကို အရှင်ဖမ်းမိ

နိုဝင်ဘာ ၁၃၊ The Nation Voice

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ သုံးဦး သေဆုံးကာ နှစ်ဦးထွက်ပြေး၊ လေးဦး အရှင်ဖမ်းမိခဲ့တဲ့အပြင် လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ချောင်းနှစ်ခွရဲစခန်းကို နိုဝင်ဘာ (၁၂) ရက် မနက် (၆) နာရီအချိန်မှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နဂါးနီစစ်ကြောင်းက ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူး လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦး၊ တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး ရဲဘော်တလာကိုနဲ့ ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေးကာ တပ်ကြပ်ကြီး အေးကို၊ ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ AK 47တစ်လက်၊ M16 ၄လက်၊ G3 တစ်လက်၊ ၆၀ မမပြောင်းတို တစ်လက်၊ ရှေ့ထွက်မိုင်း ၂လုံး၊ AK 47 ကျည် ၂၀၀၊ M16 ကျည် ၅၀၀၊ G3 ကျည် ၃၀၀၊ ၆၀မမကျည် ၁၀လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ရဲစခန်းအသိမ်းခံရပြီး အထိနာတဲ့အတွက် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နဂါးနီစစ်ကြောင်းက ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နဲ့အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *