အာဏာရှင်ကို တရားဝင်ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို အားမပေးဘူးလို့ KNU အသိပေး

နိုဝင်ဘာ ၁၃၊ The Nation Voice

အာဏာသိမ်းလိုက်လို့ ပျက်သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲကျင်းပပြီး အသက်သွင်းဖို့လုပ်နေတာဖြစ်လို့ အာဏာရှင်ကို တရားဝင်ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို အားမပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ သဘောထားကို အသိပေးရှင်းလင်းခဲ့ တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၁ရက်က KNU ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊တကောရွာမှာ ကျင်းပတဲ့  လူထုတွေ့ဆုံပွဲမှာ ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက လာမယ့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက  ကျင်းပမယ့်   ရွေးကောက်ပွဲ အပေါ် KNU သဘောထားကို မေးမြန်းခဲ့တာကို KNU က ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။

KNU အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ တပ်မတော်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပျက်သွားပြီးဖြစ်ကြောင်း KNU က ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။  KNU အနေနဲ့ ဒီမိုကရေစီကျင့်စဉ်နည်းလမ်းကိုလက်ခံပေမယ့် အာဏာရှင်ကို တရားဝင်ဖြစ်စေမယ့် ဆောင်ရွက်မှုတွေကို အားမပေးကြောင်း ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလူထုတွေ့ဆုံပွဲကို KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြတဲ့KNU/KNLA PC က ဒုဥက္ကဌ ဗိုလ်ချုပ် ဒေါက်တာနော်ကပေါ်ထူး၊ BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကရင်နိုင်ငံရေးပါတီတာဝန်ရှိသူတွေ၊ဘာသာရေး ခေါင်းဆောင်တွေနဲ့ဒေသခံ ပြည်သူများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲမှာ   လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့  ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာတို့နဲ့ ပတ်သက်တာတွေ ဆွေးနွေးဟောပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *