ရွာမီးရှို့ပြီးပြန်လာတဲ့ စစ်အုပ်စုကို မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း သေ

နိုဝင်ဘာ ၁၄ ၊ The Nation Voice

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်က ကန်ကလေးရွာကို မီးရှို့ပြီးပြန်လာတဲ့ အင်အား (၆၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းသုံးလုံးအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်(ပကဖ)က ပြောပါတယ်။

မနေ့ နိုဝင်ဘာ (၁၃)ရက် ညနေ (၅) နာရီခွဲလောက်က ကန်ကလေးရွာကနေ ဖောကားတစ်စီး၊ ကားဖြူတစ်စီး၊ ဆိုင်ကယ်နှစ်စီးအပါအဝင် ခြေကျင်ပြန်လာတဲ့ စစ်အုပ်စုကို ကန်ကလေးရွာအနောက်ဘက် (၃)ဖာလုံခန့်အကွာ သင်္ချိုင်းကုန်းနားအရောက်မှာ မိုင်းသုံးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ညနေ (၅) နာရီခွဲကနေ (၅) နာရီ (၄၅) မိနစ်အထိ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးထက်မနည်းသေဆုံးပြီး သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဖောကားနဲ့ပြန်တင်သွားတယ်လို့ မြိုင်(ပကဖ)က ပြောပါတယ်။

စစ်အုပ်စုဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သရက်ကန်ရွာဘက် သယ်ဆောင်သွားပြီး အဲဒီကတဆင့် ဒဏ်ရာရသူတွေကို ပခုက္ကူဘက်ကို လုံခြုံရေးတွေနဲ့အတူ ပို့လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်(ပကဖ)တပ်ရင်း(၁)၊ စင်္ကြာကာကွယ်ရေးတပ်ဖွဲ့၊ MUGDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုစီးလာတဲ့ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *