နိုဝင်ဘာ ၁၄၊ The Nation Voice ကယား(ကရင်နီ)ပြည်နယ်၊လောပိတမြို့ပေါ်က အကြမ်းဖက်စကစရဲ့ ခြေကုပ်စခန်းတစ်ခုကို ရိက္ခာသယ်ပို့ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို မနေ့က နိုဝင်(၁၃)ရက်မှာတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
မနေ့က ညနေ(၃)နာရီကျော်လောက်မှာ လောပိတမြို့၊ဘီလူးချောင်းအနီးက အကြမ်းဖက်စကစ လောထော်တောင်ပေါ်စခန်းကို ရိက္ခာပို့ဖို့ ၊အရပ်ဝတ် ဝတ်ဆင်ကာ လက်နက်အပြည့်အစုံနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား(၅)ဦးကို KNDF B-10 က ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ (၁၀)မိနစ်ကြာအောင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦးအပါအဝင် စုစုပေါင်း (၃)ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုထဲက တပ်သားတစ်ဦးကိုင်ဆောင်တဲ့ MA-1 အမျိုးအစား သေနတ် (၁)လက် ၊ ကျည်ဘောက် (၄) ခု ၊ ကျည်ဆံအချို့နဲ့ဖုန်း (၁)လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးအနက် (၂)ဦးမှာ လွတ်မြောက်သွားခဲ့တယ်လို့ အသိပေးထားပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း လောပိတမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေကလည်း လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ကူပေးခဲ့ပြီး KNDF ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလ အစကနေ ဒီကနေ့အထိ KNDF နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲငယ်တွေနဲ့ အလစ်ငိုက် တိုက်ခိုက်မှုတွေသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ဘောလခဲ ၊ ရှားတော မြို့နယ်တွေအတွင်း တိုက်ပွဲ စုစုပေါင်း (၁၃)ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်သား (၉)ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကရင်နီပြည်နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ မြို့နယ်အလိုက် အခြေစိုက်တပ်တွေမှာ နိုဝင်ဘာလကစပြီး လက်နက်ကိုင်တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲတွေကို သတ္တိရှိရှိ မပြုလုပ်ရဲခဲ့ဘဲ စစ်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ပြည်သူလူထုတွေကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာတွေအတွင်းကို နေ့စဥ် လက်နက်ကြီးတွေပစ်ခတ်ပြီး သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လျှက်ရှိနေတယ်လို့ KNDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

