နိုဝင်ဘာ ၁၅၊ The Nation Voice
ဒါရိုက်တာမင်းထင်ကိုကိုကြီး နဲ့ အဆိုတော် စောဖိုးခွားတို့ နှစ်ဦးကို ဒီကနေ့နိုဝင်ဘာ (၁၅) ရက်မှာ စစ်ကောင်စီကပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေရဲ့ Telegram တွေကနေ ဖော်ပြထားပါတယ်။
အသည်းကင်ဆာရောဂါကို အကျဉ်းသားဘဝနဲ့ ထောင်အတွင်းရော အပြင်မှာပါ ကုသခဲ့ရဖူးတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်က ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ အကျဉ်းထောင်အတွင်း (၂)နှစ်နီးပါးချုပ်နှောင်ခံရပြီးတဲ့နောက် ပြန်လည် လွတ်မြောက်လာတာပါ။
ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ ဖမ်းဆီးခံရစဉ်က အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့ရပေမယ့် သူရဲ့ လူမှုကွန်ရက် စာမျက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ပို့စ် (၃) ခုကြောင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူတာဖြစ်တယ်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးသီချင်းတွေ သီဆိုသူလို့ လူသိများတဲ့ ရက်ဂေးဂီတ(Reggae) သီဆိုသူ အဆိုတော် စောဖိုးခွားဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းတဲ့နေ့က ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးစီးမံခန့်ခွဲမှုပုဒ်မ ၃၀ (က)၊ ပုဒ်မ ၅၀၅ (ခ)တို့နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ခံထားရကာ အကျဉ်းထောင်အတွင်း (၂)နှစ်နီးပါးချုပ်နှောင်ခံရပြီးတဲ့နောက် ပြန်လည် လွတ်မြောက်လာတာပါ။
အဆိုတော် စောဖိုးခွားဟာ ပြည်သူများ၊ ငြိမ်းချမ်းရေးနဲ့ အမှန်တရားအတွက်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေ၊ အမုန်းတရားများ ရပ်တန့်ကာ ချစ်ကြဖို့ စတဲ့ သီချင်းများစွာ သီဆိုခဲ့သူဖြစ်ပါတယ်။



