အင်းတော်မှာ KIA နဲ့ PDF ပူးပေါင်းတပ် ပြောက်ကျားနည်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိ

နိုဝင်ဘာ ၁၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ အင်းတော် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၃ရက်နဲ့ ၁၄ရက်မှာ စစ်ကောင်စီတပ်ကို (၂)ရက်ဆက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဘူးလို့လည်း အင်းတော် PDF ရဲဘော်က ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး Indaw Revolution က ဖော်ပြခဲ့ရာ နိုဝင်ဘာ ၁၃ရက်မနက်က အင်းတော်မြို့နယ်၊နန်းမကြိုရွာဘက်ကို အင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို KIA/PDF က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၃)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲက တစ်ဦးဟာ ကသာဆေးရုံမှာ ထပ်မံသေဆုံးသွားတာကြောင့် စစ်ကောင်စီတပ်က သေဆုံးသူ (၄)ဦးရှိခဲ့တယ်လို့ဆိုပါတယ်။

မနေ့က နိုဝင်ဘာ ၁၄ရက်မှာလည်း အင်းတော်မြို့နယ် ကမ်းနီရွာထိပ်မှာ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သေဆုံး၊ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မှန်လုံကားနဲ့ အင်းတော်ကို သယ်သွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်တာမျိုး မရှိသေးပေမယ့် စစ်ကောင်စီတပ်က ဒေသခံတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အင်းတော် PDF ရဲဘော်က ပြောပါတယ်။

“အခုက အင်းတော်မြို့ထဲမှာတင် ဆိုင်ကယ်ဖမ်းဆီးမှုတွေလုပ်နေတဲ့အတွက်ကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့။ အဓိကတော့ အမျိုးသားတွေကို ဖမ်းတာပေါ့။ အဲဒီလိုလုပ်တာ ဒီနေ့လည်း ဆိုင်ကယ်ဖမ်းသွားတာ ၁၀စီးလောက်ရှိတယ်။ အဲဒါကြောင့် ဂရုစိုက်သွားလာကြဖို့ပါ” လို့ အင်းတော် PDF ရဲဘော်က ပြောပါတယ်။

#thenationvoicemyanmar#kia#

Leave a Reply

Your email address will not be published. Required fields are marked *