နိုဝင်ဘာ ၁၅၊The Nation Voice
အာဏာရှင်အမြစ်ပြတ်ဖို့ စိတ်ဓာတ်တော်လှန်ရေးပါ လုပ်ဆောင်ကြဖို့ YPDF ရဲ့ ဥက္ကဌက တိုက်တွန်းပြောကြားခဲ့ပါတယ်။
“လက်ရှိမှာ အာဏာရှင်ကို ရရာလက်နက်နဲ့ တော်လှန်နေကြတာ ၁ နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အာဏာရှင်အမြစ်ဖြတ်ဖို့ လက်နက်ကိုင်တော်လှန်ရေးတခုထဲနဲ့ ဘယ်လိုမှ အမြစ်မဖြတ်နိုင်ပါဘူး။ အတွေးအခေါ် တော်လှန်ရေးပါ လုပ်ဖို့ လိုအပ်နေပါတယ်။ စိတ်ဓာတ်တော်လှန်ရေးပါ လုပ်ကြရပါမယ်။ ဥပမာအားဖြင့် အာဏာရှင်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ အထက်ဖားအောက်ဖိ၊ လာဘ်ပေး လာဘ်ယူကိစ္စမျိုးတွေပေါ့။ ဒါတွေပါ မပြောင်းလဲနိုင်ရင် အာဏာရှင်က နှစ်ပေါင်း အစိတ်၊ သုံးဆယ်လောက်ကြာလိုက် နောက်တကြိမ် အာဏာပြန်သိမ်းလိုက်နဲ့ လုံးချာလိုက်နေမှာ ဖြစ်ပါတယ်” လို့ YPDF ရဲ့ဥက္ကဌ ကပြောပါတယ်။
နိုဝင်ဘာလ (၁၃) ရက်နေ့ကကျင်းပခဲ့ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ရဲ့ အပတ်စဉ် (၆/၂၀၂၂) တပ်သားသစ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲမှာအခုလိုပြောလိုက်တာပါ။အဲ့ဒီသင်တန်းဆင်ပွဲကိုဒီကနေ့သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲကို YPDF တပ်ရင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး မဟာမိတ်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ဧည့်သည်တော်တွေ၊အလှုရှင်တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားမှာ စစ်ရေးပြ စစ်ကြောင်းချီတက်တာ၊ ယောနက ခန်းမအတွင်း ဆုရသင်တန်းသားတွေ၊ ထူးချွန်ရဲဘော်တွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အပတ်စဉ် (၆/၂၀၂၂)တပ်သားသစ် အခြေခံစစ်ပညာသင်တန်းကို ယောဒေသအတွင်းက လူငယ်(၃၀) ကျော်က တက်ရောက်ခဲ့ပြီး သင်တန်းကာလအနေဖြင့် (၄၅) ရက်ကြာမြင့်ခဲ့ကာ အခြေခံ စစ်ပညာအပြင် နိုင်ငံရေးသင်ခန်းစာတွေကိုပါ ပို့ချပေးခဲ့တယ်လို့လည်း သိရပါတယ်။





