အကျဥ်းသား (၆,၀၀၀)နီးပါးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် စစ်ကောင်စီ ကြေညာ၊ပုဒ်မ ၅၀၅- ကနဲ့ စွဲဆိုထားတဲ့ အနုပညာရှင် (၁၁)ဦးကို အမှုပိတ်သိမ်းပေး

နိုဝင်ဘာ ၁၇၊ The Nation Voice

ဒီနေ့ကျရောက်တဲ့ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကောင်စီက အကျဥ်းသား (၆,၀၀၀) နီးပါးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဒီနေ့ နိုဝင်ဘာ (၁၇)ရက်‌နေ့ မနက်ပိုင်းက ကြေညာလိုက်ပါတယ်။

အကျဥ်းသား အမျိုးသားအမျိုးသမီး စုစုပေါင်း (၅,၇၇၄) ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ပုဒ်မ၅၀၅ -ကနဲ့ တရားစွဲဆိုထားတဲ့အနုပညာရှင် (၁၁) ဦးကိုလည်း အမှုတွေ ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အဆိုတော် စောဖိုးခွါး၊ သရုပ်ဆောင် ရဲတိုက်၊ မသန်စွမ်း အဆိုတော် ပိုင်သက်ကျော်၊ အဆိုတော် အီတိုး၊ ဟာသလူရွှင်တော် ဆင်ပေါက်၊ ဟာသလူရွှင်တော် ကောင်းကျော်နဲ့ အဆိုတော် မယ်လိုဒီခေါင်တို့အပါအဝင် အနုပညာရှင်တချို့ဟာ လက်ရှိချိန်ထိ အကျဉ်းထောင်အတွင်း ရှိနေပါတယ်။

အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျနေတဲ့ အကျဥ်းသား (၃၁) ဦးကိုလည်း လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက လက်ရှိပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမယ်ဆိုတဲ့အချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့လည်း ကြေညာချက်မှာပါဝင်ပါတယ်။

ဒါ့အပြင် အကျဉ်းကျခံနေတဲ့ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံချင်း သံမတန်ဆက်ဆံရေးကို ထောက်ရှုပြီး ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီနိုင်ငံခြားသားတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်၊ ဂျပန် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းတို့ ပါဝင်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃,၀၁၅) ဦးရှိပြီး (၁,၆၄၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *