အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဆက်လုပ်နေတဲ့စစ်ကောင်စီကို လက်စားချေမယ်လို့ AA က ထပ်မံထုတ်ပြန်

နိုဝင်ဘာ ၁၇၊ The Nation Voice

ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေဆက်လုပ်နေတဲ့ စစ်ကောင်စီတပ်ကို မဖြစ်မနေ လက်စားချေမယ်လို့ ရက္ခိုင့်တပ်တော်(AA)က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၀ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူ (၉)ဦးထက်မနည်းကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်အပေါ် AA က အခုလိုထုတ်ပြန်ခဲ့ဖူးသလို မနေ့က နိုဝင်ဘာ ၁၆ရက်မှာလည်း စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် မောင်တောနဲ့ကျောက်တော်က ပြည်သူ (၁၅)ဦးခန့်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် AA က ထပ်မံ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်လို့ မနေ့က နေ့လည်ပိုင်းမှာ ကျောက်တော်မြို့နယ် ချောင်းတူရွာက ပြည်သူ (၃)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရခဲ့သလို တချိန်တည်းမှာပဲ မောင်တောမြို့နယ်၊ ဂြိတ်ချောင်းရွာကိုလက်နက်ကြီးနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ကလေးကင်ပွန်းတပ်ပွဲကျင်းပနေတဲ့ ပွဲအတွင်းက ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၁)ဦး အစုလိုက် အပြုံလိုက် သေဆုံးကာ (၂၀(ကျော် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် အသက်သေဆုံးသွားတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း AA က ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကိုမဖြစ်မနေလက်စားချေသွားမယ်လို့ အသိပေးထားပါတယ်။

ရက္ခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲတွေမှာ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်က ယိုယွင်းပျက်စီးနေကာ စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေ၊ လူနေအိမ်တွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ တိုက်လေယာဉ်တွေ တိုက်ခိုက်ရေး ဒရုန်းတွေအသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေပါတယ်။

စစ်ကောင်စီဟာ စစ်ပွဲအတွင်း လိုက်နာရမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေကိုပါ နေ့စဉ်ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိကြောင်း AA က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *