နိုဝင်ဘာ ၁၆၊ The Nation Voice
ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
လားရှိုးခရိုင်၊မန်ပုံဒေသမှာ နိုဝင်ဘာ ၁၅ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အင်အား(၇၀)ခန့်ပါ စစ်ကြောင်းကို MNDAA က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက MNDAA ရဲ့ ထုတ်ပြန်ချက်ကို ဘာသာပြန်ပြောပြပါတယ်။
“အဲဒီတိုက်ပွဲမှာ MNDAA ဘက်က အကျအဆုံးမရှိဘူး။ စစ်ကောင်စီတပ်ဘက်က အကျအဆုံးဒဏ်ရာရသူ စုစုပေါင်း (၃၀)ခန့်ရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်က ဖြစ်ပြီး ပြည်သူ့စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
အဲဒီ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို MNDAA ရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ(၆၁၁) တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်အထိနာခဲ့တဲ့ အဲဒီတိုက်ပွဲမှာ လက်နက်ခဲယမ်း ရရှိမှု ရှိမရှိကိုတော့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားဘူးလို့ ဆိုပါတယ်။
MNDAA နဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၆ရက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

