ရွှေဘိုနယ်ထဲမှာ ဒေသခံတပ်တွေရဲ့ မိုင်းကွင်းအတွင်း ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ် ဖောက်ခွဲတိုက်ခိုက်ခံရလို့ (၃)ဦးသေဆုံး

နိုဝင်ဘာ ၁၉၊T he Nation Voice

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် ကော့ကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်တွေဟာ ဒေသခံ‌တပ်တွေထောင်ထားတဲ့ မိုင်းကွင်းအတွင်းရောက်ရှိလာပြီး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရလို့ (၃)ဦးအထိသေဆုံးခဲ့ကြောင်း နေလစင်္ကြာ – Shwebo PDF က သတင်းထုတ်ပြန်ပါတယ်။

မနေ့က နိုဝင်ဘာ(၁၈)ရက်နေ့ မနက်(၃)နာရီဝန်းကျင်လောက်မှာ ရွှေဘိုနယ်၊ကော့ကျေးရွာအတွင်းက အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ စခန်းအနီးမှာ ဒေသခံတပ်တွေက အရင်ဆုံး တိုက်မိုင်း(၃)လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စခန်းအတွင်းကအကြမ်းဖက်စကစ အဖွဲ့ဝင်တွေဟာ တရစပ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ရှေ့တက်လာစဉ် ဒေသခံတပ်တွေရဲ့မိုင်းကွင်းအတွင်းရောက်ရှိလာတာကြောင့် အဝေးထိန်းမိုင်း(၃)လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ပျူအဖွဲ့ဝင်(၃)ဦးအထိသေဆုံးခဲ့ပြီး (၁၀)ဦးခန့်ပြင်းထန်ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်း မြင်တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ နေလစင်္ကြာ – Shwebo PDF နဲ့အတူ Ghost Rider Special Task Force(Burma)၊ Shwebo Wetlet Special Task Force အဖွဲ့တို့က အတူပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နေလစင်္ကြာ – Shwebo PDF အဖွဲ့ဟာ နိုဝင်ဘာ(၁၁)ရက်နေ့တုန်းကလည်း ရွှေဘိုကနေ ထွက်လာတဲ့ အကြမ်းဖက်စကစအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးကိုလက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *