နိုဝင်ဘာ ၂၁၊ The Nation Voice
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပျဉ်းမပင်စက်မှုဇုံအတွင်းမှာရှိတဲ့ လူနေအိမ် (၄,၀၀၀) ကျော်နဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေကို ဖျက်ပေးဖို့အတွက် စစ်တပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ပျဉ်းမပင် ကျေးရွာအုပ်စုမှာရှိတဲ့ နေအိမ် (၄,၀၀၀) ကျော်ဟာ စစ်တပ်ပိုင်နယ်မြေအတွင်းမှာရှိနေပြီး အကျယ်အဝန်းအားဖြင့် ဧက (၅၀၀) ကျော်ရှိကာ ဖယ်ရှားပေးဖို့အတွက် နိုဝင်ဘာ (၁၃) ရက်က နို့တစ်စာပေးပို့ခဲ့ပြီး ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေကိုလည်း ဖယ်ရှားဖို့ စာပို့ပေးထားတယ်လို့ မြို့နယ် သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားစာအရ သိရပါတယ်။
ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေနဲ့ သာသနိကအဆောက်အဦးတွေအနေနဲ့ သတ်မှတ်ရက်အတွင်း ဖယ်ရှားတာမျိုးမလုပ်ဘူးဆိုရင် အင်အားသုံးဖယ်ရှားမှာဖြစ်တဲ့အကြောင်းကိုလည်း ညွှန်ကြားစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အဲဒီနေအိမ်တွေကို ဒီနေ့ နိုဝင်ဘာ (၂၁) ရက် ညသန်းခေါင်ယံ အပြီးဖျက်သိမ်းခြင်းမရှိပါက စစ်တပ်က အင်အားသုံးဖယ်ရှားမှာဖြစ်တဲ့အတွက် အဲဒီကျေးရွာအုပ်စုက လူဦးရေ ငါးသောင်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရှိနေပြီး အချို့လူတွေတည်ဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေလည်း ဆုံးရှုံးရဖို့ရှိနေပါတယ်။
စစ်တပ်နဲ့ စစ်တပ်လော်ဘီတွေဟာ အမျိုးဘာသာ၊ သာသနာ တည်တန့်ခိုင်မြဲရေးအတွက် အမြဲကြွေးကျော်လေ့ရှိပြီး ယခုလို စစ်တပ်က သာသနိကအဆောက်အအုံတွေကို ဖျက်စီးခိုင်းစေမှုကိုတော့ နှုတ်ပိတ်လို့နေကြတယ်လို့ ရန်ကုန်ဒေသခံတွေက ဆိုကြပါတယ်။




