စစ်တပ် ဘဏ်တွေငွေလက်ခံဖို့ ကူညီနေတဲ့ ANZ ဘဏ် မြန်မာနိုင်ငံက ထွက်ခွာမည်

နိုဝင်ဘာ ၂၄၊ The Nation Voice

စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ဘဏ်တွေဟာ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားတဲ့အတွက် ငွေသွင်းငွေထုတ်ကိစ္စတွေကို နိုင်ငံတကာဘဏ်တစ်ခုဖြစ်တဲ့ ANZ ဘဏ်က ကြားခံအနေနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ အဲဒီဘဏ်ဟာ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကထွက်ခွာတော့မယ်လို့ ကြေညာလိုက်တာကြောင့် ANZ ဘဏ်ဟာ မြန်မာနိုင်ငံက ထွက်ခွာမယ့် ပထမဆုံးနိုင်ငံတကာဘဏ် ဖြစ်လာတော့မှာပါ။

“ ANZ ရဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ သတိကြီးကြီးထားပြီး ကြိုဆိုပါတယ်။ တာဝန်ယူမှုရှိရှိ နုတ်ထွက်ဖို့ တောင်းဆိုပါတယ်။ တာဝန်ယူမှုရှိရှိ နုတ်ထွက်ဖို့ဆိုတာ သူတို့ဝန်ထမ်းတွေအပေါ် ကျရောက်လာနိုင်မယ့် အကျိုးဆက်တွေကို လျှော့ချဖို့နဲ့ ပြန်လည်ကုစားမှုတွေလုပ်ဖို့၊ တရားမဝင်စစ်အုပ်စုအတွက် ငွေထုပ်ကောက်ရသလို မဖြစ်စေဖို့ ဘဏ္ဍာငွေအားလုံး ပြန်သယ်သွားနိုင်ရေး သေသေချာချာလုပ်ဆောင်ဖို့တွေ ပါဝင်ရပါမယ် ” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

မြန်မာနိုင်ငံအကြပ်အတည်းအပေါ် တုန့်ပြန်ရာမှာ ဩစတြေးလျအစိုးရရဲ့ အရေးယူဆောင်ရွက်ခြင်းကင်းမဲ့မှုက စိတ်ပျက်စရာကောင်းလှပြီး သူတို့ရဲ့ ဒီမိုကရေစီတန်ဖိုးတွေနဲ့ နိုင်ငံတကာတာဝန်တွေကို ထိခိုက်စေကာ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့၊ စစ်အုပ်စုနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် ပြတ်ပြတ်သားသား ရပ်တည်ဖို့ အတွက်လည်း Justice For Myanmar က တောင်းဆိုထားပါတယ်။

အခုလအစောပိုင်းမှာ Distributed Denial of Secrets က ဖွင့်ချခဲ့တဲ့ အချက်အလက်တွေမှာ တွေ့ရှိရတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ANZ ဘဏ်တို့အကြား ငွေလွှဲပေးပို့မှုတွေကို Justice For Myanmar က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *