နိုဝင်ဘာ ၂၄၊ The Nation Voice
မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းနယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီးကာ စခန်းစွန့်ပြီး တပ်ဆုတ်လာတဲ့ စစ်အုပ်စုကိုလာကြိုတဲ့ စစ်ကားအား မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်(ပကဖ) က ပြောပါတယ်။
နိုဝင်ဘာ (၂၃)ရက်၊ ညနေ (၄) နာရီ (၄၅) မိနစ်လောက်က ဗဟင်းရဲစခန်းနဲ့ ဗဟင်းကျေးရွာမှ နေအိမ် (၅၀) ကျော်ကို မီးရှို့ပြီး မိသားစုများကို ခေါ်ဆောင်၍ ပြန်လာတဲ့ စစ်အုပ်စုကိုလာကြိုတဲ့ စစ်ကားကို မြိုင်မြို့အနောက်ဘက် (၄) ဖာလုံခန့်အကွာ ကြောင်ကန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြိုင်ဘက်မှ ကားများဖြင့်လာကြိုတဲ့ စစ်ကြောင်းကို ပေပါမိုင်းနှစ်လုံး၊ ရှေ့ထွက်ပြောင်းခြောက်လုံးနဲ့ တိုက် ခိုက်ရာ လာကြိုသောကား မိုင်းထိပြီး မောင်းနှင် မရတော့ဘဲ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား (၁၂) ဦး သေပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေရဲ့
အမျိုးသမီးများမှာ ကြောက်လန့်အော်ဟစ်ထွက်ပြေးကြပြီး စစ်သားတွေက ကြောင်ကန်ကျေးရွာကို မနေ့က ညနေ (၆) နာရီဝန်းကျင်မှစတင်၍ မီးရှို့ဖျက်စီးနေတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းတဲ့ နေအိမ်ဘယ်လောက်ရှိတယ်ဆိုတာကို မသိရသေးဘူးလို့ မြိုင်(ပကဖ)က ထုတ်ပြန်ထားပါတယ်။
#မြိုင်#မိုင်းဆွဲတိုက်ခိုက်#နေအိမ်မီးရှို့
