နိုဝင်ဘာ ၂၄၊ The Nation Voice
ရန်ကုန်မှာ တော်လှန်ရေးလုပ်နေတဲ့ မြို့ပြပျောက်ကြားအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ခြေရာခံဖမ်းဆီးခံရတာတွေရှိပြီး အဖမ်းခံရသူတွေဟာ တော်လှန်ရေးသမားတွေလို အမည်မတပ်ဘဲ အကြမ်းဖက်လုပ်ရပ်လုပ်နေတဲ့ ဓါးပြတွေဆိုပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက ထုတ်ပြန်နေကြပါတယ်။
ဝိမုတ္တိ – Wimoutti မြို့ပြပြောက်ကျားအဖွဲ့က အဖမ်းခံလိုက်ရတဲ့ တော်လှန်ရေးရဲဘော် (၆) ဦးကို စစ်ကောင်စီနဲ့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေက ပုဇွန်တောင် ဘူတာရုံးခန်းကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ကျပ်သိန်း (၂၀၀) ယူဆောင်သွားသူတွေမိတယ်ဆိုပြီး ဝါဒဖြန့်ထုတ်လွှင့်လာတာပါ။
” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ကျွန်တော်တို့ ဝိမုတ္တိအဖွဲ့ရဲ့ ရဲရင့်သောရဲဘော်တချို့နဲ့ တော်လှန်ရေးအသုံးအဆောင်ပစ္စည်းများကို အကြမ်းဖက်စစ်ကောင်စီက ခြေရာခံဖမ်းဆီးနိုင်ခဲ့တာတွေရှိခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးရမိတဲ့အပေါ် အမျိုးယုတ်တွေက လိမ်လည်အမှုဆင်ပြီး တော်လှန်ရေးရဲဘော်များကို သူခိုး၊ ဓားပြများအဖြစ် ပုံဖျက်ဖို့ ကြံစည်ထုတ်ပြန်ထားတာတွေကိုလည်း တွေ့ရပါတယ် ” လို့ ဝိမုတ္တိ – Wimoutti က ထုတ်ပြန်အသိပေးထားပါတယ်။
အဲဒီလို တော်လှန်ရေးရဲဘော်တွေ အဖမ်းခံရတာနဲ့ လက်နက်တွေဆုံးရှုံးရတာ တစ်ကြိမ်မကတော့ပးဘဲ အကြိမ်ကြိမ်ဆုံးရှုံးခဲ့တာဖြစ်ပြီး အဖမ်းခံရတဲ့ ရဲဘော်တွေ မနည်းလှသလို အသက်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေလည်း အလွန်များပြားခဲ့ပြီဖြစ်တယ်လို့ ဆက်လက်ထုတ်ပြန်ထားပါတယ်။
ဒီလိုအခြေအနေတွေရင်ဆိုင်နေရပေမယ့် သူတို့စတင်လျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေးခရီးကို ဘယ်လိုအကြပ်အတည်းတွေနဲ့ပဲ ရင်ဆိုင်ရပါစေ အဆုံးထိဆက်လက်လျှောက်လှမ်းမှာဖြစ်တယ်လို့ ကတိပြုထားပါသေးတယ်။

