နိုဝင်ဘာ ၂၄၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ရွှေကျင်မြို့နဲ့အနီးက ခြေတော်ရာ၊ ကျွဲတဲ၊ကျွဲတဲ (ကွက်သစ်) က ဒေသခံတွေကို စစ်ကောင်စီက ရွှေ့ပြောင်းခိုင်းနေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလလယ်မှာ ရွှေကျင်နယ်က ဘောကထာ၊ သံဆိပ်၊ တုံးတံတား စစ်ကောင်စီတပ်စခန်းတွေကို KNU ကတိုက်ခိုက်ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်က ပြန်လည် စစ်ကြောင်းထိုးဖို့စီစဉ်လာတာကြောင့် အခုလို ရွှေ့ပြောင်းခိုင်းတာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးချိန် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ပြောပြီး ယာယီရွှေ့ပြောင်းထားပေးကြဖို့ ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံပြောဆိုခဲ့တာလို့ ဒေသခံ ရဲ့ ပြောကြားချက်ကို KNU က ဖော်ပြပါတယ်။
ရွှေကျင်-သံဆိပ်-ဘောကထာ ကားလမ်းဘေးကရွာတွေကို ယာယီရွှေ့ပြောင်းထားဖို့ နိုဝင်ဘာ ၁၄ရက်ကတည်းက ပြောခဲ့တာဖြစ်ပြီး ကျွဲတဲကွက်သစ်နဲ့ ခြေတော်ရာ (ရှမ်းရွာ) ကိုတော့ နိုဝင်ဘာ ၂၁ရက်မှာ ထပ်ပြီး ပြောတယ်လို့ ဆိုပါတယ်။
“သူတို့စစ်ကြောင်းထိုးလာရင်မလွတ်ဘူး ထိခိုက်မှုတွေရှိလာရင်တာဝန်မယူနိုင်ဘူး၊ ကြိုတင်ရှောင်ထားဖို့ဆိုပြီးသတိပေးလာတာပါ၊ သတိပေးတယ်ဆိုပေမဲ့ တရားဝင်မဟုတ်ပါဘူး၊ သူတို့နဲ့ နီးစပ်တဲ့လူတွေကိုပဲရွေးပြီးသတိပေးသလိုမျိုးပြောတာပါ၊ ချက်ချင်းကြီးပြောင်းရွေ့ဖို့ဆိုတာကလဲ မဖြစ်နိုင်သေးလို့ အခြေနေကြည်ပြီးပဲနေကြရတယ်”လို့ သေခံတစ်ဦးက ပြောကြောင်း KNU က ဖော်ပြထားပါတယ်။
ဒါ့အပြင် ရွှေကျင်မြို့ပေါ်ရပ်ကွက်တွေမှာ ထားစရာမရှိလို့ လမ်းပေါ်ညအိပ်ထားတဲ့ကားတွေကို အခြားလွတ်တဲ့နေရာတွေမှာ ရွှေ့ပြောင်းထားဖို့နဲ့ စစ်ကောင်စီတပ်တွေက ချောဆွဲရင် တာဝန်မယူနိုင်ဘူးလို့ လိုက်လံပြောဆိုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ရွှေ့ခိုင်းတဲ့ ရပ်ကွက် (၃) ခုမှာ ဒေသခံ ပြည်သူ (၅၀၀၀) ကျော်နေထိုင်တဲ့ရပ်ကွက်တွေဖြစ်ပြီး နိုဝင်ဘာလ (၂၁) ရက်နေ့ထိတော့ ဒေသခံတွေ ရွှေ့ပြောင်းတာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ရွှေကျင်ဘက်ကနေ KNLA တပ်တွေရှိရာနေရာကို စစ်ကြောင်းထိုးဖို့ စစ်ကောင်စီဘက်က တင့်ကားတွေအပါအဝင် အမြှောက်ကား၊ စစ်ကောင်စီတပ်သားတွေ စုဖွဲ့ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

