နိုဝင်ဘာ ၂၅၊ The Nation Voice
အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးမှန်မှန်မရတဲ့ကြားထဲ လျှပ်စစ်မီး လျှော့သုံးပါလို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထပ်မံပြောဆိုလိုက်ပါတယ်။ လျှပ်စစ်မီးမမှန်တဲ့အတွက် အစားထိုးလောင်စာအဖြစ်အသုံးပြုရတဲ့ စက်သုံးဆီကိုလည်း လျှော့သုံးပါလို့ မင်းအောင်လှိုင်က ပြောဆိုထားပါသေးတယ်။ “ နိုင်ငံတော်မှ လျှပ်စစ် လိုအပ်ချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ သုံးစွဲသူများ အနေဖြင့်လည်း အလေအလွင့်ဖြစ်စေမည့် ဓာတ်အား သုံးစွဲမှုများကို လျှော့ချကြစေလိုပြီး စက်သုံးဆီသုံးစွဲမှုကိုလည်း လျှော့ချကြ စေလိုတယ်” လို့ စစ်ကောင်စီက နေပြည်တော်မှာ လုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ နေ့စဉ်သုံးစွဲနေတဲ့ စက်သုံးဆီကို တစ်ဦးချင်းအသိစိတ်နဲ့ လျှော့ချ သုံးစွဲမယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲနေရမှုတွေကိုလည်း လျှော့ချနိုင်မှာဖြစ်သလို နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုကိုလည်း လျှော့ချလာနိုင်မယ်ဆိုပြီးတော့လည်း မင်းအောင်လှိုင်က ဆိုပါတယ်။ နောက်ထပ် လျှော့ချသုံးစွဲရမှာကတော့ ရေသုံးစွဲမှုဖြစ်ပြီး ရေသုံးစွဲမှုကို အလေအလွင့်မဖြစ်စေလိုဘဲ စနစ်တကျဖြင့် အကျိုးရှိရှိအသုံးချစေလိုတယ်ဆိုပြီးတော့လည်း ထပ်မံ ပြောပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံးလျှပ်စစ်မီးမရတဲ့ပြသနာဖြစ်ပေါ်နေပြီး လျှပ်စစ်ကား၊ လျှပ်စစ်ရထားတွေ တင်သွင်းဖို့ စစ်ကောင်စီက ကြိုးစားပမ်းစား လုပ်ဆောင်နေပါတယ်။
