နိုဝင်ဘာ ၂၅၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)ဆီကို စစ်ကောင်စီတပ်သား (၂)ဦး အလင်းဝင်လာကြောင်း KNU တပ်မှူးတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၁ရက်မှာ KNU တပ်မဟာ(၁) နယ်မြေ ဘီးလင်းမြို့နယ်နဲ့ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့နယ်အစပ်မှာရှိတဲ့ ရှေ့တန်းစခန်းက စစ်ကောင်စီတပ်သား (၂)ဦးဟာ လက်နက်မပါဘဲ အလင်းဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ တပ်မဟာ(၁) ဘီးလင်းမြို့နယ် အစပ်နဲ့ တပ်မဟာ(၅)အစပ် ဖာပွန်မြို့နယ် အဲဒီကနေ သူတို့ စစ်ကြောင်းတွေလှုပ်ရှားတာပေါ့။ သူတို့ (၄၀၅)တပ်က အဲဒီမှာ စခန်းတွေထိုင်ထားတာပေါ့။ အခုထွက်ပြေးလာတဲ့ ရဲဘော် (၂)ယောက်က စခန်းထိုင်ကနေ ထွက်ပြေးလာတာ” လို့ KNU တပ်မှူးတစ်ဦးက ပြောပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို အဝတ်အစားဝယ်ဖို့ ငွေကြေးထောက်ပံ့ထားသလို စားသောက်နေထိုင်ရေးနဲ့ လုံခြုံရေးအတွက် KNU ဘက်က စီမံပေးထားတယ်လို့ ဆိုပါတယ်။
အရင်ကလည်း KNU တပ်မဟာ(၁) နယ်မြေထဲကို အခုလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေရှိခဲ့ပြီး လက်နက်နဲ့လာရောက်သူတွေလည်းရှိတယ်လို့ KNU တပ်မှူးက ပြောပါတယ်။လက်နက်ပါလာတဲ့ တပ်ဖွဲ့ဝင်တွေကိုဆုငွေပေးအပ်တာမျိုး ပြုလုပ်လေ့ရှိပါတယ်။





